မောတောင်မြို့ကို စစ်အုပ်စုပြန်သိမ်း
- BVJ

- 11 hours ago
- 1 min read
မိုနာ/BVJ_မေ ၂၀၊ ၂၀၂၆

ကရင်အမျိုးသားအစည်းအရုံး-KNUသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းကို စစ်အုပ်စုကအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တော်လှန်ရေးတပ်တွေမြို့အတွင်းကနေ ဆုတ်ခွာပေးလိုက်ရပြီလို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅၊နိုဝင်ဘာ ၁၄ရက်က KNUတပ် KNLAနဲ့တော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ မောတောင်မြို့ကိုပြန်ရရရေး စစ်အုပ်စုကထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ပြီးနောက် မနေ့က မေ ၁၉ရက်မှာ စစ်အုပ်စုမြို့ထဲဝင်လာပြီး တမြို့လုံးကိုပြန်သိမ်းသွားတာဖြစ်တယ်လို့ သိရပါတယ်။
"လောလောဆယ်မြို့တွင်းကနေ ဆုတ်ထားပေးရတယ်။ လက်နက်ခဲယမ်းအားနည်းလာတာရော တဖက်ကအင်အားများတာရော၊ လူသားဒိုင်းအဖြစ်ဖမ်းခံထားရတဲ့ပြည်သူတွေလည်းရှိတာရော အားလုံးကြောင့်ပါပဲ"လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
စစ်အုပ်စုဘက်ကလည်း မောတောင်ကို မနေ့က မေ ၁၉ ညနေလေးနာရီမှာပြန်လည်ထိန်းချုပ်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာဒီနေ့ထည့်သွင်းဖော်ပြပါတယ်။
မောတောင်ကို အခုလ မေ ၅ ရက်ကစပြီး ပြန်ထိုးစစ်ဆင်တိုက်ခဲ့တာကနေ မေလ ၉ ရက်မှာ ပွိုင့် ၂၇၁ တောင်ကုန်း၊ မေလ ၁၂ ရက်မှာ ဖောင်ဆိပ်ကျေးရွာအနီးက ရန်သူ့ယာယီခံစစ်နေရာ ၂ ခု၊ မေလ ၁၃ ရက်မှာ ဖောင်ဆိပ်ကျေးရွာ၊ မေလ ၁၅ ရက်မှာ နှုံးပွားကျေးရွာ၊ မေလ ၁၆ ရက်မှာ အမှတ် (၅) ကျေးရွာ၊ မေလ ၁၇ ရက်မှာ အမှတ်(၃) ကျေးရွာ၊ မေလ ၁၈ ရက်မှာ အမှတ်(၁) ကျေးရွာ၊ မေလ ၁၉ ရက်မှာတော့ တမြို့လုံးကိုပြန်ရခဲ့တာလို့ စစ်အုပ်စုကကြေညာထားပါတယ်။
ထိုးစစ်အတွင်း တိုက်ပွဲကြီး/တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၂၀၇ ကြိမ်ဖြစ်ခဲ့ပြီး ရန်သူ့ဘက်က အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၂၅ လက်၊ ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းသိမ်းပိုက်ရရှိခဲ့သလို စစ်အုပ်စုဘက်ကလည်း အရာရှိနဲ့တပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိခဲ့တယ်လို့ ကြေညာချက်အရ သိရပါတယ်။

လက်ရှိမှာပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီလို့ စစ်အုပ်စုဘက်ကဖိတ်ခေါ်ထားသလို တနင်္သာရီတိုင်းအတွင်းမှာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးတိုးမြှင့်မယ်လို့လည်း စစ်အုပ်စုကကြေညာပါတယ်။
နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိတဲ့မောတောင်မြို့ဟာ ထိုင်းနဲ့မြန်မာနှစ်နိုင်ငံကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့မြို့တမြို့လည်းဖြစ်ပါတယ်။



Comments