မော်ချီးဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ၆ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရ
- BVJ

- 10 hours ago
- 1 min read
သူရ/BVJ- စက်တင်ဘာ ၁၊ ၂၀၂၆

ဒီနေ့ စက်တင်ဘာ ၁ ရက်ညနေပိုင်း ၄ နာရီ ၄၉ မိနစ်မှာ ကရင်နီ(ကယား)ပြည်၊ မော်ချီးမြို့နယ် ကျောက်ကြားရပ်ကွက်ကို လေကြောင်းကနေဗုံးကြဲခံရလို့ ၆ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတစ်ဦးက BVJကိုအတည်ပြုပါတယ်။
မော်ချီးသတ္တုတွင်း ၅၁ ခဲလုပ်ကွက်နဲ့ကပ်လျက်နေရာကို ဗုံး ၃ လုံးကြဲခံခဲ့ရတာဖြစ်ပြီး သေဆုံးတဲ့သူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်ကြောင်း ဒေသခံပေးပို့ထားတဲ့ပုံတွေအရသိရပါတယ်။


လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်နေပြီး စစ်အုပ်စုရဲ့ စခန်းသိမ်းခံရကာ သူတို့ဘက်ကအထိနာမှုတွေရှိနေပါတယ်။ ဩဂုတ်လ ၂၈ ရက်နဲ့ ဩဂုတ်လ ၃၀ ရက်တို့မှာလည်း လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုနယ်ထဲက လီဝိုးရွာနဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းကို စစ်အုပ်စုကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်အုပ်စုက ၂၀၂၁ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မြန်မာအင်တာနက် ပရောဂျက် (Myanmar Internet Project) ရဲ့စာရင်းတွေအရ ၂၀၂၆ခုနှစ် ဧပြီလကနေ ဇွန်လအထိ လေကြောင်းတိုက်ခိုက်မှု ၅၂၀ ကြိမ်ရှိခဲ့ပြီး မြို့နယ် ၈၇ မြို့နယ်ကို ထိမှန်ခဲ့ကာ ကလေးငယ် ၄၁ ဦးအပါအဝင် အရပ်သားအနည်းဆုံး ၃၁၄ ဦး သေဆုံးခဲ့ပါတယ်။




Comments