ယူကရိန်းက မော်စကိုမြို့ကို သမိုင်းတလျှောက်အကြီးမားဆုံးဒရုန်းတိုက်ခိုက်မှုတွေပြုလုပ်

သူရ/BVJ_စက်တင်ဘာ ၂၁ ၊ ၂၀၂၆

ယူကရိန်းက ရုရှားနိုင်ငံ၊မော်စကိုမြို့ကို ဒရုန်းတွေနဲ့အကြီးမားဆုံးတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန်ဆာဂေး ဆိုဘယာနင် (Sergei Sobyanin)ကအတည်ပြုပါတယ်။
စနေနေ့ကတည်းကစတင်တဲ့ မော်စကိုမြို့တော်ဘက်ကိုဦးတည်လာတဲ့ ဒရုန်း ၄၅၀အပါအဝင် ဒရုန်းစုစုပေါင်း ၁,၆၀၀ကို ရုရှားနိုင်ငံဘက်ကကြားဖြတ်ဟန့်တားပစ်ချနိုင်ခဲ့တယ်လို့ မော်စကိုမြို့တော်ဝန်ကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မြို့တော်ရဲ့ပင်မရေနံချက်စက်ရုံနဲ့ လူနေအဆောက်အအုံတစ်လုံးထိခိုက်ပျက်စီးခဲ့တဲ့အပြင် ဒေသန္တရအာဏာပိုင်တွေရဲ့အဆိုအရ အနည်းဆုံးလူနှစ်ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကတော့ ကိယက်ဗ်မြို့ကနေ ဒရုန်းတွေ၊ဒုံးကျည်တွေသုံးပြီး ရုရှားရဲ့အဓိကကျတဲ့ရေနံလုပ်ငန်းတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးနေရာတွေကိုတိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်းအတည်ပြုခဲ့ပြီး၊ ဒါတွေဟာ"ရုရှားစစ်တပ်ကိုထောက်ပံ့ပေးနေတဲ့ ဘီလီယံနဲ့ချီတဲ့ငွေကြေးတွေကို ထိခိုက်စေပါတယ်"လို့ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ စနေနေ့က ကိယက်ဗ်နဲ့ဆူမီဒေသတွေမှာ ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၉ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေကပြောပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ လတ်တလောမှာစွမ်းအင်ထုတ်လုပ်ရေးနဲ့သယ်ယူပို့ဆောင်ရေး စက်ရုံတွေအပြင် အဓိကထောက်ပံ့ရေးနေရာတွေကိုပါပစ်မှတ်ထားပြီး အပြန်အလှန်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်နေကြပါတယ်။
ဒီလိုစက်ရုံတွေကိုတိုက်ခိုက်တာဟာ "ရန်သူရဲ့ကျူးကျော်စစ်ကို ဆက်လက်လုပ်ဆောင်နိုင်စွမ်းနဲ့ စစ်တပ်ကိုထောက်ပံ့နေမှုတွေကို တိုက်ရိုက်အားနည်းသွားစေပါတယ်"လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။
ဒီအကြီးစားတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ကတတိယမြောက်နေ့အဖြစ်ကျင်းပနေတဲ့ ရုရှားရဲ့လွှတ်တော်ရွေးကောက်ပွဲကို "နှောင့်ယှက်ဖျက်ဆီးလိုတဲ့ ကြိုးပမ်းချက်တစ်ခုပါပဲ"လို့ ဆိုဘယာနင်ကပြောကြားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲကို ရုရှားအစိုးရအဖွဲ့က တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားပြီး ဝေဖန်သူတွေကတော့ လွတ်လပ်မှု၊တရားမျှတမှုနဲ့ပွင့်လင်းမြင်သာမှုလုံးဝမရှိဘူးလို့ ပယ်ချထားကြပါတယ်။
ရုရှားနိုင်ငံပိုင် မီဒီယာတွေရဲ့ဖော်ပြချက်အရ တနင်္ဂနွေနေ့က ယူကရိန်းဘက်က မော်စကိုထိန်းချုပ်ထားတဲ့ ခါဆွန် (Kherson)ဒေသထဲမှာ ဘတ်စ်ကားတစ်စီးကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့ သေဆုံးသွားသူနှစ်ဦးထဲမှာ ရွေးကောက်ပွဲတာဝန်ရှိသူတစ်ဦးလည်းပါဝင်တယ်လို့ ရုရှားရွေးကောက်ပွဲကော်မရှင်အကြီးအကဲကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။
အလားတူပဲ မော်စကိုမြို့ရဲ့အကြီးဆုံး ရှယ်ရီမတီယေဗို (Sheremetyevo) လေဆိပ်ကလည်း ညဘက်မှာ "ယာယီကန့်သတ်ချက်များ" ချမှတ်ထားကြောင်း ခရီးသည်တွေကိုသတိပေးခဲ့ပြီး မြို့တော်ရဲ့ ဗနူကိုဗို (Vnukovo)လေဆိပ်မှာလည်း လေယာဉ်ဆင်းသက်မှုနဲ့ထွက်ခွာမှုအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။ လေဆိပ်နှစ်ခုစလုံးရဲ့ကန့်သတ်ချက်တွေကို တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပြန်လည်ရုပ်သိမ်းပေးခဲ့ပေမယ့် အချို့သောလေယာဉ်ခရီးစဉ်တွေကတော့ ကြန့်ကြာနေဦးမှာဖြစ်ကြောင်းသတိပေးထားပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထမ့်က နှစ်ဖက်စလုံးဟာ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကိုမတိုက်ခိုက်ကြဖို့ သဘောတူညီထားကြပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပေမယ့် ရုရှားနဲ့ယူကရိန်းနှစ်ဖက်စလုံးဟာ လွန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ စွမ်းအင်ဆိုင်ရာပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
ထရမ့်ဟာ သဘောတူညီချက်အရ ရုရှားစီးပွားရေးကိုပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုဥပဒေကြမ်းတစ်ရပ်ကို သောကြာနေ့ကလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီဥပဒေမှာ ရုရှားရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို အများဆုံးဝယ်ယူနေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေအပေါ် အခွန်စည်းကြပ်မှုတွေပါဝင်ပါတယ်။
အမေရိကန်ရဲ့ အဆိုပါဥပဒေအရ ရုရှားစွမ်းအင်ကိုအဓိကဝယ်ယူနေသူတွေအပေါ် ၁၀၀ ရာခိုင်နှုန်းအထိ အကောက်ခွန်တွေကောက်ခံနိုင်တဲ့အာဏာကို အမေရိကန်သမ္မတကိုအပ်နှင်းထားပါတယ်။ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို အပြည့်အဝကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။




Comments