ကမ်းဖြူတိုက်ပွဲပြင်းထန်ပြီး မတ္တရာပကဖ ရဲဘော် ၇ယောက်ကျဆုံး
- BVJ

- 4 days ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်ကကျဆုံးမှုများသလို တော်လှန်ရေးရဲဘော် (၇)ယောက်လည်းကျဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့က သိရပါတယ်။
အခု ဇန်နဝါရီလ ၆ရက်မှာ ရှိန်းမကားခြံကထွက်လာတဲ့စစ်အုပ်စုဟာ ကမ်းဖြူကျေးရွာကိုရောက်နေတာကြောင့် မတ္တရာမြို့နယ်ပကဖနဲ့ရွှေဘိုခရိုင် တပ်ရင်း(၁၈) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲကပြင်းထန်ပြီး ကြာချိန်သုံးနာရီခွဲဝန်းကျင်ရှိခဲ့ကြောင်းနဲ့
တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က (၁၅)ယောက်ထက်မနည်းကျဆုံးပြီး မတ္တရာမြို့နယ်ပကဖဘက်ကလည်း ရဲဘော် (၇)ယောက်ကျဆုံးခဲ့သလို (၄)ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူဆီကသိရပါတယ်။
တိုက်ပွဲမဖြစ်ခင်မှာ စစ်အုပ်စုဟာ ကမ်းဖြူကျေးရွာကိုရောက်ချိန်မှာ ဒေသခံအမျိုးသမီး (၉)ဦးကို အဓမ္မပြုကျင့်ပြီး တားဆေးထိုးကာပြန်လွှတ်လိုက်တယ်လို့လည်း မတ္တရာမြို့နယ်ပကဖက မနေ့က ဇန်နဝါရီ ၈ရက်မှာထုတ်ပြန်ထားပါတယ်။
အဲ့ဒီအဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး စစ်အုပ်စုကျူးလွန်ခဲ့တဲ့အကြောင်းကို မတ္တရာမြို့နယ်ပကဖ တာဝန်ရှိသူက “ပထမတစ်ရက်က ငါးယောက်၊ နောက်ရက်ကျလေးယောက်ပြုကျင့်တာပါ။ ကာယကံရှင်အမျိုးသမီးတွေဆီကလည်း အတည်ပြုချက်ရပြီးပါပြီ”လို့ Burma VJကိုပြောပါတယ်။
စစ်အုပ်စုဟာ အခုလ ၆ရက်နေ့မနက်ဆယ်နာရီခန့်မှာလည်း ဝက်လက်မြို့နယ်၊ ပေါက်ကန် ဘူတာကျေးရွာက အရပ်သားနေအိမ်တွေ၊ ဘုန်းကြီးကျောင်းနဲ့စာသင်ကျောင်းတို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး (၃)ဦးနဲ့လသားကလေးငယ်တို့သေဆုံးသွားခဲ့ပြီး သေဆုံးသွားသူတွေဟာ CDMဆရာမတစ်ယောက်လည်းပါဝင်ပါတယ်။







Comments