သမ္မတဦးဝင်းမြင့် အမှန်တကယ်မလွတ်မြောက်သေးကြောင်းပြောခဲ့တဲ့ဂျာမနီသံရုံးအကြီးအကဲကို ခေါ်ယူသတိပေးခဲ့ဟု စစ်အုပ်စုထုတ်ပြန်

သူရ/BVJ_နိုဝင်ဘာ ၁၀၊ ၂၀၂၆

ရန်ကုန်မြို့ရှိ သမ္မတဦးဝင်းမြင့်ရဲ့နေအိမ်ရှေ့မှာဗီဒီယိုရိုက်ကူးပြီး ဂျာမနီသံရုံးကနေအသိပေးထုတ်ပြန်ခဲ့တဲ့ ဂျာမနီသံရုံးအကြီးအကဲ Mathias Licharz ကို စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ခေါ်ယူသတိပေးလိုက်ကြောင်း ဒီနေ့ နိုဝင်ဘာ ၁၀ရက်မှာသတင်းထုတ်ပြန်လာပါတယ်။
၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်းက အာဏာသိမ်းစစ်အုပ်စုဘက်ကပြန်လွှတ်ပေးခဲ့တယ်လို့ကြေညာထားတဲ့ သမ္မတဦးဝင်းမြင့်ဟာ အမှန်တကယ်လွတ်လပ်မှုမရှိသေးကြောင်းနဲ့ ဦးဝင်းမြင့်ကိုမြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း ဂျာမနီသံရုံးအကြီးအကဲ Mathias Licharz ကပြောထားတဲ့ဗီဒီယိုဖိုင်ကို နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်ဂျာမနီသံရုံးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။
ဂျာမနီသံရုံးအနေနဲ့ သမ္မတဦးဝင်းမြင့်ပြန်လွတ်လာတယ်ဆိုတဲ့ စစ်အုပ်စုရဲ့ ကြေညာချက်ကိုကြိုဆိုခဲ့ပြီး လွတ်မြောက်လာတဲ့ ဦးဝင်းမြင့်နဲ့တွေ့ဆုံဖို့ကြိုးစားခဲ့ပေမဲ့ နေပြည်တော်ဘက်ကခွင့်ပြုချက်တင်ဖို့လိုတယ်ဆိုတာကြောင့် တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင် ၆ လကျော်ကြာတဲ့အထိ တွေ့ဆုံခွင့်မရသေးဘူးလို့ ဂျာမနီသံရုံးအကြီးအကဲကပြောကြားခဲ့တဲ့ ဒီဗီဒီယိုဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လူစိတ်ဝင်စားမှုများပြားခဲ့ပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ စစ်တပ်ခန့် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကိုကိုကျော်က ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ် လေရှာ့စ် (Mathias Licharz) ကို နိုင်ငံခြားရေးဝန်ကြီးဌာနကို ခေါ်ယူတွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၈ ရက်နေ့က သံရုံးရဲ့လူမှုကွန်ရက်စာမျက်နှာမှာထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး ခေါ်ယူသတိပေးကာ သတိပေးစာ (သတိထောက်လွှာ) ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်ဝေဖန်နေခြင်းဖြစ်တဲ့အတွက် လုံးဝလက်မခံနိုင်စရာဖြစ်ကြောင်း ဒီလုပ်ရပ်အပေါ် ပြည်သူတွေကလည်း လုံးဝမနှစ်မြို့ကြဘဲ ဆိုရှယ်မီဒီယာတွေမှာ သံရုံးယာယီတာဝန်ခံကိုဝေဖန်ပြောဆိုနေကြပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဂျာမနီ သံရုံးယာယီတာဝန်ခံအနေနဲ့ ဦးဝင်းမြင့်ကိုနိုင်ငံတော်သမ္မတအဖြစ်သဘောထားပြီး လက်ရှိအစိုးရနဲ့လက်တွဲဆောင်ရွက်လိုခြင်းမရှိဘူးဆိုပါက မြန်မာနိုင်ငံမှာဆက်လက် တာဝန်ထမ်းဆောင်ဖို့မရှိတော့ဘူးဆိုရင်လည်း တားမြစ်မှာမဟုတ်ဘူးလို့ စစ်အုပ်စုဘက်ကထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။




Comments