အရပ်သားတွေကိုတိုက်ခိုက်နေတဲ့စစ်အုပ်စုကို မသိအမှတ်မပြုဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ပါထိတွေ့ဆက်ဆံဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း၊ စစ်ရာဇဝတ်မှု အထောက်အထားတွေ IIMM စုဆောင်းနေ

အေတီ/BVJ_အောက်တိုဘာ ၃၀၊ ၂၀၂၆

အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကိုအသိအမှတ်မပြုကြဖို့နဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကိုပါထိတွေ့ဆက်ဆံကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူအခွင့်အရေးအထူးကိုယ်စားလှယ် ကယ်လီ ကာရီကတိုက်တွန်းလိုက်ပါတယ်။ အလားတူ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ အကြီးအကဲ နစ်ခ် ကိုဂျန် (Nick Koumjian)ကလည်း စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုထောက်ထားတွေကို သေသေချာချာစုဆောင်းနေပြီလို့ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ကယ်လီ ကာရီ (Kelly E. Currie)နဲ့ IIMM အကြီးအကဲ နစ်ခ် ကိုဂျန်တို့ဟာ အောက်တိုဘာ ၂၉ ရက်နေ့က ကုလသမဂ္ဂမှာပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့တာပါ။ ဒါဟာ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီမှာ မြန်မာနိုင်ငံဆိုင်ရာအထူးအစီရင်ခံစာတွေတင်သွင်းခဲ့ပြီးနောက် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ကယ်လီ ကာရီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ အလွန်တရာဆိုးရွားနေပြီး စစ်ကောင်စီဟာ အရပ်သားတွေနဲ့အရပ်ဘက်အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စနစ်တကျပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ထောက်ပြသွားပါတယ်။
ဒါ့အပြင် ဒီအပတ်အတွင်း အဓိကပါးချင်တဲ့သတင်းစကားနဲ့ ပတ်သက်လို့အရပ်သားတွေအပေါ် အကြမ်းဖက်မှုလျှော့ချဖို့ စစ်အုပ်စုကိုဘာမှ တောင်းဆိုတာမျိုးမရှိဘဲထိတွေ့ဆက်ဆံနေကြတာကို စိုးရိမ်ကြောင်း အခုလိုပြောကြားခဲ့ပါတယ်။
"မြန်မာစစ်အုပ်စုရဲ့ အပြုအမူတွေအပေါ် စည်းကမ်းချက်မသတ်မှတ်ဘဲ ဆက်ဆံနေကြတာ၊ အကြမ်းဖက်မှုတွေလျှော့ချရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလိုက်နာရေးအတွက် အခြေအနေမသတ်မှတ်ဘဲဆက်ဆံနေကြတာဟာ အလွန်စိုးရိမ်စရာကောင်းပါတယ်။ ဒီလိုထိတွေ့ဆက်ဆံမှုတွေကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပုံမှန်အခြေအနေလို့ နိုင်ငံတွေကယူဆသွားတာမျိုးမဖြစ်အောင် ကျွန်မတို့ တိုက်တွန်းချင်ပါတယ်။ ဒါဟာ ဒီအပတ် ကျွန်မရဲ့ တင်ပြချက်တွေနဲ့ အစီရင်ခံစာရဲ့ အဓိကသတင်းစကားဖြစ်ပါတယ်"လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်နေတဲ့တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ အချင်းချင်းပူးပေါင်းပြီး နိုင်ငံတကာကိုထောက်ခံမှုတောင်းခံရာမှာဖြစ်စေ၊ လူသားချင်းစာနာမှုအကူအညီပေးရေးမှာဖြစ်စေ ပူးပေါင်းဆောင်ရွက်လာကြတာဟာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပဲလို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုတဖက်တည်းကိုပဲဆက်ဆံမယ့်အစား တော်လှန်ရေးအင်အားစုတွေနဲ့ပါထိတွေ့ဆက်ဆံပြီး ပံ့ပိုးပေးကြဖို့ မစ္စ ကယ်လီ ကာရီကတိုက်တွန်းခဲ့တာပါ။
ဒုက္ခသည်များကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံတွင်းအခြေအနေတွေဟာမတည်ငြိမ်ဘဲမလုံခြုံသေးတာကြောင့် ဒုက္ခသည်တွေကိုအချိန်မတန်မီပြန်မပို့ကြဖို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်မှုအပြင်ဘက်မှာရှိတဲ့ ပြည်သူတွေအကူအညီမပြတ်တောက်စေဖို့အတွက် အလှူရှင်တွေနဲ့ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ တော်လှန်ရေးကွန်ရက်တွေနဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတစ်ဆင့် အကူအညီတွေပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းအချို့က ရိုဟင်ဂျာတွေအပါအဝင် ရွာသားတွေကိုအတင်းအကျပ်စစ်သားစုဆောင်းနေကြတာကြောင့် "ပဋိပက္ခအတွင်းက ပဋိပက္ခ" တစ်ခုဖြစ်ပေါ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။ တဆက်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က မြန်မာနိုင်ငံကိုအရေးယူဆုံးဖြတ်လိုက်ပါက ဗုဒ္ဓဘာသာ မဟုတ်သူတွေ၊ ဗမာ မဟုတ်တဲ့လူနည်းစုတွေ (အထူးသဖြင့် ရိုဟင်ဂျာနဲ့ မူစလင်များ) အပေါ် အွန်လိုင်းကနေမုန်းတီးရေးစကားတွေနဲ့ ပစ်မှတ်ထားအကြမ်းဖက်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကယ်လီ ကာရီ ကသတိပေးသွားပါတယ်။
အလားတူ IIMM အကြီးအကဲ နစ်ခ် ကိုဂျန်ကလည်း မြန်မာနိုင်ငံအတွင်း တိုက်ရိုက်ဝင်ရောက်ခွင့်မရသော်လည်း ဂြိုဟ်တုဓာတ်ပုံတွေ၊ ဒစ်ဂျစ်တယ် နည်းပညာသုံး စုံစမ်းစစ်ဆေးမှုတွေနဲ့ ပြည်ပရောက် စစ်ဘေးဒဏ်ခံရသူတွေဆီက အသေးစိတ်သက်သေထွက်ဆိုချက်တွေကိုရယူကာ အဆိုးဝါးဆုံး စစ်ရာဇဝတ်မှု အထောက်အထားတွေကို စုဆောင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
IIMMအနေနဲ့စုဆောင်းရရှိထားတဲ့ အထောက်အထားတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)၊ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့ထံ မျှဝေပေးနေတယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Facebook ပို့စ်ထောင်ပေါင်းများစွာကိုဆန်းစစ်ချက်အရ စစ်တပ်ကကိုင်တွယ်ထားတဲ့အကောင့်တွေဟာ ရိုဟင်ဂျာနယ်မြေရှင်းလင်းရေး အကောင်အထည်ဖော်ချိန်မှာ မုန်းတီးရေး စကားတွေကို စနစ်တကျလှုံ့ဆော်ခဲ့တာကို တွေ့ရကြောင်းလည်း ထောက်ပြသွားပါတယ်။




Comments