မန္တလေးမြို့ကိုကာနိုင်ရေး စစ်အုပ်စုကြိုးပမ်းနေ
- BVJ

- Dec 28, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၂၈၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က တစ်နှစ်ကျော်ကြာသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်အုပ်စုက အခုလ ဒီဇင်ဘာ ၁၈ရက်နေ့မှာပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီးနောက်မှာ စစ်အုပ်စုဟာ စဉ့်ကူး၊မတ္တရာနဲ့သပိတ်ကျင်းမြို့နယ်အတွင်းက ကျေးရွာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေပါတယ်။
"ဒီရက်ပိုင်းကတော့တောက်လျှောက်ပေါ့နော်။ မန္တလေးရဲ့မြောက်ပိုင်းပေါ့ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း နယ်တွေရော တောက်လျှောက် Air strikes(လေကြောင်းတိုက်ခိုက်တာ)တွေလုပ်နေတာရှိတယ်။ အဲဒီလိုပဲ နောက်ထပ် ကျွန်တော်တို့မြစ်နောက်ဘက်ခြမ်း ရွှေဘိုနယ်ထဲမှာလည်း Air strikes တွေ လုပ်နေတာတွေလည်းရှိတယ်”လို့ စဉ့်ကူးဒေသခံက ပြောပါတယ်။
ဒါ့အပြင်စစ်အုပ်စုအနေနဲ့ ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းနှစ်ခုလုံးကို အင်အားအလုံးအရင်းနဲ့ တပြိုင်ထဲမြေပြင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။
“စစ်ရေးအခြေအနေနဲ့ကတော့ စစ်ကောင်စီကတော့ မြစ်ရဲ့အရှေ့ဘက်ရော နောက်ဘက်ရော နှစ်ခုလုံးကိုတပြိုင်ထဲထိုးစစ်ဆင်နေတဲ့ ပုံစံမျိုးတော့ရှိတယ်။ အဓိက က ဒီဆင်းဂါးဘက်ပေါ့နော်၊ ဆင်းဂါးဘက်တွေမှာလည်း စစ်အထိုင်စခန်း၊ စစ်ကောင်စီရဲ့အထိုင်စခန်းရှိတဲ့အတွက်ကြောင့်မို့ သူတို့ ရိက္ခာပို့ဖို့ ပြောချင်တာက ဒီမြစ်အရှေ့ဘက် နောက်ဘက်အားလုံးကို စီးမိုးဖို့သူတို့ ကြိုးစားနေတာ တော့ရှိတယ်”
စစ်အုပ်စုအနေနဲ့ အခုလို ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ မန္တလေးမြို့ကို စစ်ရေးအရအကာအကွယ် ပေးနိုင်ရေးအတွက်ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။
“အကြောင်းအရင်းကဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီ မန္တလေး၊ဂေါဝိန်ဆိပ်ကနေပြီးတော့မှ သံခွန်တွေ လွတ်လွတ်လပ်လပ်တက်လို့ရတာပေါ့ဗျာ။ အဲတော့ ကျွန်တော်တို့ ဟိုအထက်ဘက်ကို အခု ဆန်တက်လို့ရလို့ရှိရင် စစ်ရေးအရ မန္တလေးမြို့ကို သူတို့ကာနိုင်တာပေါ့ဗျာ။ အဲဒီသဘောမျိုးဖြစ်ဖို့အတွက် သူတို့ တောက်လျှောက်ထိုးနေတာမျိုးရှိတယ်”
အခုလို စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတာတွေ မြေပြင်ထိုးစစ်တွေကြောင့် မန္တလေးမြို့နယ်အတွင်းက သောင်းနဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူကဆက်ပြောပါတယ်။
“အဲဒီလိုပဲ မိုးကုတ်ဘက်က စစ်ရှောင်တွေရောအကုန်လုံးပေါင်းပြီးတော့ တချို့တော်တော်များများကတော့ စစ်ကိုင်းနယ်ထဲပေါ့နော်၊ ခင်ဦးနယ်၊ ဝက်လက်နယ် ဒီဘက်ကို ရွှေ့ပြောင်းနေထိုင်ရတာမျိုးတွေရှိနေတယ်။ စစ်ရှောင်အခြေအနေကတော့ အင်အားသောင်း ဂဏန်းနီးပါးလောက်ကို စစ်ကိုင်းဘက်ကို ရွှေ့ပြောင်းနေထိုင်ရတဲ့ ပုံစံမျိုးတွေတော့ ရှိနေပါတယ်။ အခက်အခဲတွေလည်း အများကြီး ကြုံတွေ့နေရတာမျိုးရှိတာပေါ့နော်”
အာဏာသိမ်းစစ်အုပ်စုဟာ ဒီနေ့မှာပဲ ရွေးကောက်ပွဲပထမပိုင်းကိုကျင်းပနေသလို တဖက်မှာလည်း နိုင်ငံအတွင်းက မြို့နယ်တချို့ကိုလေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။







Comments