စီစဉ်ထားတဲ့အတိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဖြစ်လာ
- BVJ

- Apr 3
- 1 min read
မိုနာ/BVJ_ဧပြီ ၃၊ ၂၀၂၆

အရပ်သားအစိုးရဆီကနေ အာဏာလုယူပြီး ငါးနှစ်အကြာမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီနေ့မှာ သမ္မတဖြစ်လာပါတယ်။
စစ်အုပ်စုကပြုလုပ်တဲ့ရွေးကောက်ပွဲအပြီး ကျင်းပတဲ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ကြံ့ခိုင်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဌလည်းဖြစ်၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်နန်းနီနီအေးနဲ့ စစ်တပ်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ်လည်းဖြစ် ကိုကိုးကျွန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းညိုစောကို ရွေးချယ်ထားကြတာဖြစ်ပါတယ်။
ဒုသမ္မတတွေကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတင်သွင်းပြီးနောက် အဲ့ဒီထဲကတစ်ဦးကိုသမ္မတအဖြစ် ဒီနေ့ ဧပြီ ၃ရက်မှာမဲပေးရွေးချယ်ခဲ့ရာမှာ မဲအများဆုံးနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်လာတာပါ။
ဒါဟာ စစ်အုပ်စုစီစဉ်ထားတဲ့အတိုင်းဖြစ်လာတာလည်း ဖြစ်ပါတယ်။

မဲပေးခွင့်ရှိသူလွှတ်တော်ကိုယ်စားလှယ် ၅၈၆ ဦးရှိပြီး နှစ်ဦးကခွင့်တိုင်ထားတာကြောင့် ၅၈၄ ဦးရှိတဲ့ထဲက စစ်ခေါင်းဆောင်က ၄၂၉မဲ၊ ဦးညိုစောက ၁၂၆မဲနဲ့ ဒေါ်နန်းနီနီအေးက ၂၉မဲတို့ ရရှိခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတ၊ ဒုသမ္မတ-၁အဖြစ် ဦးညိုစောနဲ့ ဒုသမ္မတ-၂အဖြစ် ဒေါ်နန်းနီနီအေးတို့ဖြစ်လာပြီး မကြာခင်အချိန်အတွင်းမှာ အစိုးရသစ်ဖွဲ့စည်းတော့မှာဖြစ်ပါတယ်။
ဓါတ်ပုံ-MOI




Comments