ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပူးပေါင်းပါဝင်ကြဖို့ စစ်ခေါင်းဆောင်ပြော
- BVJ

- Oct 15
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၅၊ ၂၀၂၅

အာဏာသိမ်းစစ်ကောင်စီဦးဆောင်ပြီး လာမယ့်ဒီဇင်ဘာလ ၂၈ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေပါဝင်ကြဖို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ NCAဆယ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာပြောပါတယ်။
“ကျနော့်အနေနဲ့ ရွေးကောက်ပွဲကာလမှာဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကိုတွက်ဆပြီး လုံခြုံရေး ကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ပူးပေါင်းပါဝင်ကြဖို့လိုပါတယ်”လို့ ပြောခဲ့တာပါ။
ဒါ့အပြင် တိုင်းရင်းသားတွေရဲ့လိုလားချက်တွေကို လွှတ်တော်မှာဆွေးနွေးနိုင်ဖို့အတွက်လည်း တိုင်းရင်းသားကိုယ်စားလှယ်တွေ ရွေးကောက်ပွဲဝင်ပြိုင်ကြဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကပြောပါတယ်။
“တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်ပေးနိုင်ဖို့လည်း နိုင်ငံရေးစင်မြင့်ဖြစ်တဲ့လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်တွေစုံစုံညီညီရောက်ရှိလာဖို့လည်း လိုအပ်ပါတယ်။ ဒါမှာ လိုလားချက်တွေကိုပွင့်လင်းမြင်သာစွာဆွေးနွေးပြီး အကောင်အထည် ဖော်နိုင်မှာလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွက်လာမယ့်အစိုးရသစ်ကိုလည်း ဒီမိုကရေစီစံနှုန်းတွေနဲ့ အညီ နိုင်ငံတော်တာဝန်ကိုလွဲအပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင် ကပြောပါသေးတယ်။
စစ်ကောင်စီအနေနဲ့အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေကို ရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ကြဖို့ ပြောဆိုနေပေမယ့် တခြားတဖက်မှာတော့ တိုင်းရင်းလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေကို လေကြောင်းကနေအကြီးအကျယ်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားတွေနေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေကြရတာလည်းဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း စစ်ကောင်စီလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆန့်ကျင်ကြဖို့ တိုင်းရင်းသားလက်ကိုင်တွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားကြပါတယ်။
စစ်အုပ်စုကရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲပြီးကျင်းပသွားမှာဖြစ်သလို ရွေးကောက်ပွဲ အပိုင်း (၁)ကိုတော့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားပါတယ်။







Comments