မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် နေပြည်တော်မှာတွေ့ဆုံ
- BVJ

- Oct 10
- 1 min read
အေတီ/BVJ _ အောက်တိုဘာ ၉၊ ၂၀၂၅

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်တို့ဟာ ဒီနေ့မနက်ကနေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အာဆီယံ အထူးသံတမန်အော့မင်ဟာရှမ်လည်း လိုက်ပါလာတာကိုတွေ့ရပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ တရက်တာမြန်မာပြည်ခရီးစဥ်ရည်ရွယ်ချက်ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ၅၈ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့ မလေးရှားသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒါပေမယ့် မိုဟာမက်ဟာဆန်ဦးဆောင်တဲ့ မလေးရှားကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံပြီးနောက် စစ်ကောင်စီက ထုတ်ပြန်တဲ့ဒီနေ့ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ပါတီစုံရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေမှုတွေကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးကကျေနပ်အားရကြောင်း၊ ရွေးကောက်ပွဲအကောင်အထည်ဖော်နေမှုတွေကို အာဆီယံအနေနဲ့ အကောင်းဆုံးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ အကြံပြုလိုကြောင်း၊ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို စေလွှတ်ပေးသွားမှာဖြစ်ကြောင်းဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဘက်ကတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဥ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ဇူလိုင်လက မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ၅၈ကြိမ်မြောက်အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးကျင်းပအပြီးမှာ နိုင်ငံရေးသဘောတူညီချက်မရှိဘဲ ရွေးကောက်ပွဲကျင်းပရင် ပဋိပက္ခတွေပိုဆိုးသွားမယ်၊သက်ဆိုင်သူတိုင်း ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခွင့်ရ,ရမယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ကိုတိုက်တွန်းခဲ့တဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ပြောထားတာရှိပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီက ကိုယ်စားလှယ်လောင်း ၅ ထောင်ကျော်ဝင်ပြိုင်မှာဖြစ်ပြီး၊ဒီလထဲမှာ NCAနှစ်ပတ်လည်အခမ်းအနားကိုလည်းကျင်းပဖို့စီစဥ်ထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုပြောခဲ့တဲ့အကြောင်း အာဏာသိမ်းစစ်အုပ်စုရဲ့စစ်ကောင်စီထုတ်ပြန်ချက် ထဲမှာဖော်ပြထားပါတယ်။







Comments