ဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းချင်ရင် ရွေးကောက်ပွဲမှာမဲပေးကြဖို့ စစ်ခေါင်းဆောင်ပြော
- BVJ

- Aug 19
- 1 min read
ရွေးကောက်ပွဲလုပ်ဖို့ ပြည်ပနိုင်ငံတွေကလည်းထောက်ခံအားပေးဟုဆို
ယူဂရင်း/BVJ_ သြဂုတ် ၁၉၊ ၂၀၂၅

ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲတွေကျင်းပချိန်မှာ ဆန္ဒမဲတွေပေးကြဖို့လိုတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က သြဂုတ် ၁၈ရက်မှာ မကွေးမြို့က ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာ ပြောပါတယ်။
သိက္ခာရှိတဲ့ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်သလို မဲပေးခွင့်ရှိနိုင်သူတွေအားလုံးမဲပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရွေးကောက်ပွဲလုပ်ဖို့အတွက် ပြည်ပနိုင်ငံတွေကလည်း ထောက်ခံအားပေးတယ်လို့ စစ်ခေါင်းဆောင်က ပြောပါသေးတယ်။
အခုလ ၁၄ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပတဲ့ (၁၀) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့သီးခြားတွေ့ဆုံခဲ့ကြပြီး အဲ့ဒီမှာ စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကနေတဆင့် ရည်မှန်းချက် (၃)ရပ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်း ဝမ်ယိကပြောခဲ့ပါတယ်။
စစ်ကောင်စီဟာ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ရက်ကစတင်ပြီး အပိုင်းလိုက်ကျင်းပသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရွေးကောက်ပွဲကိုဖြစ်နိုင်ပါက တစ်ကြိမ်တည်းကျင်းပပြုလုပ်ဖို့ဖော်ပြပါရှိပေမယ့် နိုင်ငံလက်ရှိအခြေအနေအရ အချို့ဒေသတွေမှာတည်ငြိမ်အေးချမ်းမှုမရှိသေးတာကြောင့် အခုလိုအပိုင်းလိုက်ကျင်းပမှာဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် မပူးပေါင်းမပါဝင်ဘဲရတဲ့နည်းနဲ့ဆန့်ကျင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကလည်း တိုက်တွန်းထားကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိရဲ့ (၃)ရပ်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ပြီး အပစ်အခတ်ရပ်စဲကာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း နိုင်ငံတော်ကိုအုပ်ချုပ်ရန်၊ ဒုတိယတစ်ချက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ပြီး အကျယ်ပြန့်ဆုံးသော စည်းလုံးညီညွတ်မှုကိုတည်ဆောက်ရန်၊ တတိယတစ်ချက်မှာ လူမှုရေးသဟဇာတဖြစ်မှုဖြစ်ပြီး ငလျင်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုဆောင်ရွက်ကာ ပြည်သူတွေရဲ့လူမှုဘဝအဆင့်အတန်းကို မြှင့်တင်ဖို့ဖြစ်တယ်လို့ ဖော်ပြပါတယ်။







Comments