ဦးကျော်မိုးထွန်းဘက်ပြောင်းသွားတာကြောင့် ခက်ခဲတဲ့အခြေအနေကို စစ်ခေါင်းဆောင်ထုတ်ပြောလာ
- BVJ

- Feb 9
- 1 min read
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဘက်ပြောင်းသွားတဲ့အတွက် နိုင်ငံတကာစင်မြင့်မှာပြောရေးဆိုခွင့်ဆုံးရှုံးခဲ့တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ သွားရောက်တရားရင်ဆိုင်ခဲ့တဲ့ဦးကိုကိုလှိုင်တို့အဖွဲ့ကို စစ်အုပ်စုကမနေ့က ဖေဖော်ဝါရီ ၈ရက်မှာ ဂုဏ်ပြုညစာစားပွဲလုပ်ပေးခဲ့ပြီး အဲ့ဒီမှာစစ်ခေါင်းဆောင်က အခုလိုပြောလာတာပါ။
တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး ဂမ်ဘီယာက ၂၀၂၁ခုနှစ် နှစ်လယ်ပိုင်းလောက်ကစတင်ဆက်သွယ်လာတာဖြစ်ပြီး အဲ့ဒီအချိန်ဟာ မြန်မာနိုင်ငံအတွက် ပြည်တွင်းပြည်ပဖိအားတွေနဲ့ စိန်ခေါ်မှုတွေများပြားနေခဲ့တဲ့အချိန်ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်အောက်ခံအဖွဲ့အစည်းများတွင် မိမိတို့အစိုးရကို တရားဝင်အသိအမှတ်ပြုရန် တွန့်ဆုတ်နေခဲ့ကြပြီး ကုလသမဂ္ဂအထွေထွေညီလာခံ၌ပါ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေဖြင့် သစ္စာဖောက်ဘက်ပြောင်းသွားသည့်အတွက် နိုင်ငံတကာစင်မြင့်၌ ပြောရေးဆိုခွင့် ဆုံးရှုံးနေရသည့်အချိန်ဖြစ်ကြောင်း၊ အလားတူ အာဆီယံတွင်လည်း မြန်မာအစိုးရ ခေါင်းဆောင်များကို နိုင်ငံရေးအရ ဘေးဖယ်ထားခြင်းခံရသည့်အချိန်လည်းဖြစ်ကြောင်း”ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။
ဦးကျော်မိုးထွန်းဟာ စစ်တပ်အာဏာမသိမ်းခင်က ကုလသမဂ္ဂကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်စုကိုကိုယ်စားမပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဦးဆောင်တဲ့အရပ်သားအစိုးရကိုသာ ကိုယ်စားပြုကြောင်း ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ တရားဝင်ကြေညာခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ထဲမှာ ဂမ်ဘီယာကတရားစွဲထားတဲ့ ရခိုင်ပြည်နယ်အတွင်းလူမျိုးသုန်းသတ်ဖြတ်မှုအတွက် ရခိုင်သမိုင်းဆိုင်ရာ ပြည်ပကျွမ်းကျင်ပညာရှင် တစ်ဦးကိုပါငှားရမ်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည့်စုံတဲ့ကြိုတင်ပြင်ဆင်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီအမှုကနေနိုင်ငံတကာအဆင့်အတွေ့အကြုံတွေရရှိခဲ့တာကြောင့် အလားတူထိုးနှက်တိုက်ခိုက်မှုတွေထပ်ရှိလာရင် ပြင်ဆင်ဖို့အသိအမြင်တွေရခဲ့တဲ့အတွက် အဆိုးထဲကအမြတ်တခုလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံဟာရိုဟင်ဂျာတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ၂၀၁၉ခုနှစ်ကတရားစွဲဆိုထားတဲ့အမှုအတွက် စစ်ဆေးကြားနာပွဲကို ပြီးခဲ့တဲ့လ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာပြုလုပ်ခဲ့တာဖြစ်ပြီး အဲ့ဒီအတွက် စစ်အုပ်စုဘက်က သမ္မတရုံးဝန်ကြီးဌာန(၂)၊ ဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့သွားရောက်ဖြေရှင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်းက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်တာဝန်ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့-CHROကတိုင်တန်းထားအပေါ်မှာ တီမော လက်စတေအာဏာပိုင်တွေကအမှုလက်ခံဖွင့်ထားတာရှိပါတယ်။




Comments