မအလရဲ့ရွေးကောက်ပွဲအိပ်မက် နီးလာပြီလား
- BVJ

- Sep 26
- 2 min read
လင်းယုန်နက်

မအလစစ်အုပ်စုက ရွေးကောက်ပွဲကိုအပိုင်းပိုင်းအစိတ်စိတ်ခွဲခြမ်းပြီး ကျင်းပမယ်လို့ ဆိုလာပါတယ်။ ဒီတော့စစ်အုပ်စုရဲ့ရွေးကောက်ပွဲအိပ်မက် နီးလာပြီလား။ နီး မနီးပြောဖို့စောနေသေးပေမယ့် မအလစစ်အုပ်စုနဲ့အပေါင်းအပါတွေကတော့ “ရွေးကောက်ပွဲပြီးတဲ့အချိန် တရုတ်-ရုရှားတို့ရဲ့ထောက်ခံမှုနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့အသိအမှတ်ပြုထောက်ခံမှုကို ရပြီး ပန်းခင်းတဲ့လမ်းကိုလျှောက်လှမ်းရတော့မယ်”လို့ မစားရ ‘ဝ’ ခမန်း ဝါဒဖြန့် ကြွေးကြော်နေကြလေရဲ့။
အသေးစိတ်သုံးသပ်ကြည့်ရအောင်ပါ။
မအလစစ်အုပ်စုနဲ့အပေါင်းအပါတွေက သူတို့ဟာရွေးကောက်ပွဲပန်းတိုင်ကို မဟာဗျူဟာကျကျ ချမှတ်ပြီး တလှမ်းချင်းသတိကြီးကြီးထား လျှောက်လှမ်းနေသလိုလို အသားလွတ်အသားယူနေကြပါတယ်။
နေပါဦး၊ မအလစစ်အုပ်စုမှာ “ရွေးကောက်ပွဲကျင်းပပါမယ်”ဆိုတဲ့ စကားကလွဲရင် ပြောစရာစကား ဘာများရှိလို့လဲ။ ‘ပုံမှန်မဟုတ်သောအခြေအနေ’ ဆိုတဲ့စကားစုကို အမြတ်ထုတ်အသုံးချပြီး (၆)လတစ်ကြိမ်သက်တမ်းတိုးလာလိုက်တာ ခုချိန်မှာတော့ ‘ငါတို့အာဏာမက်လို့ သက်တမ်းတိုးတယ်ကွာ’ လို့ ပြောရုံကလွဲရင်အခြားပြောစရာစကားမရှိပါဘူး။ ရှင်းအောင်ပြေရရင် ‘ရွေးကောက်ပွဲ’ဆိုတာ မအလစစ်အုပ်စုက မဟာဗျူဟာကျကျ ရွေးချယ်ထားတာမဟုတ်ပါဘူး။ တခုတည်းသောကျန်တော့တဲ့ ‘ကောက်ရိုးမျှင်’ကို ဖမ်းဆွဲကိုင်လိုက်ရတာပါ။ ဒါကို အရင်ဆုံးသဘောပေါက်ဖို့ လိုအပ်ပါတယ်။
“နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းရမယ်” စစ်အုပ်စုကတိုက်ရိုက်အုပ်ချုပ် တာထက် ရွေးကောက်ပွဲကတဆင့်ဖွဲ့စည်းတဲ့အရပ်သားအစိုးရက တိုင်းပြည်အတွက် ထွက်ပေါက်လို့ကြွေးကြော်ပြီး ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ နိုင်ငံရေးပါတီတွေကိုလည်း သတိပေးလိုက်ပါမယ်။ ကြံ့ဖွံ့ပါတီထဲကို မအလစစ်အုပ်စုကရာနဲ့ချီပို့လိုက်ပြီး အာဏာသိမ်းလိုက်တာကိုကြည့်ရင် မအလစစ်အုပ်စုရဲ့ ရည်ရွယ်ချက်ဟာ အာဏာကို တရားဝင်တင်းတင်းကျပ်ကျပ်ချုပ်ကိုင်နိုင်ဖို့ ရွေးကောက်ပွဲကိုကျင်းပတာပါ။ အာဏာဖြေလျှော့ပေးဖို့ ရွေးကောက်ပွဲလုပ်တာမဟုတ်ပါဘူး။စိတ်ကူးယဥ်ထားသလို ရွေးကောက်ပွဲ ကျင်းပနိုင်လိုက်ရင် မအလဟာ ‘နိုင်ငံတော်သမ္မတရာထူးလည်းယူ၊စစ်တပ်ကိုလည်း လက်မလွှတ် ‘ ဆိုတဲ့နည်းလမ်းကိုဦးတည်မှာက ရှင်းရှင်းကြီးမြင်နေရတဲ့ ကိစ္စပါ။ ဒီလိုအာဏာရှင်မျိုးဆီက ဒီမိုကရေစီအခွင့်အလမ်း ‘တစ်ပေါက်တစ်စက်’ရလေမလား မျှော်လင့်နေတာကတော့ သက်သက်သာသာပြောရရင် ရူးမိုက်တာပါပဲ။

ကဲ မအလစစ်အုပ်ကကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကနှစ်လဝန်းကျင်ပဲလိုတော့ ရွေးကောက်ပွဲအောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့က သေချာနေပြီလား။ ဒီဇင်ဘာလမှာ ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပိုင်း-၁ဟာ ရွေးကောက်ပွဲငယ်လေးတွေထဲက တခုဆိုတာမေ့ထားလို့မရပါဘူး။ ဒီနှစ်လဝန်းကျင်ကာလအတွင်း ပထမအဆင့်ရွေးကောက်ပွဲငယ်ကို ဖျက်စီးပစ်လိုက်မယ့်ဖြစ်ရပ်ဘာမှမဖြစ်တော့ဘူးလို့ အာမခံနိုင်ပြီလား။ ရက်ပိုင်းအတွင်းနိုင်ငံရေးအပြောင်းအလဲ အချိုးအကွေ့ဖြစ်သွားတဲ့ ပူပူနွေးနွေး နီပေါနိုင်ငံရဲ့ ဖြစ်ရပ်ကိုကြည့်လိုက်ရင် နိုင်ငံရေးဆိုတာ “ကြွေတစ်လက်၊ကြက်တစ်ခုန်”ပါ။
မြန်မာနိုင်ငံမှာစုပုံနေတဲ့ အထွေထွေအကျပ်အတည်း ပြည်သူလူထုရဲ့ ခံပြင်းဒေါသတွေဟာ နီပေါနိုင်ငံမှာထက်အဆပေါင်းများစွာ နက်ရှိုင်းကျယ်ပြန့်ပါတယ်။ ‘ထ’ ပေါက်ကွဲဖို့ဆိုတာ မီးပွားလေးတစ်ခုပဲလိုပါတယ်။ ဒီအချက်ကို သတိမလွတ်ဖို့အရေးကြီးပါတယ်။
ကဲ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီပဲဆိုပါတော့။ မအလစစ်အုပ်စု လိုလားတောင့်တနေတဲ့ ‘နိုင်ငံတကာအသိအမှတ်ပြုမှ’ကရမှာလား။ မအလစစ်အုပ်စုနဲ့ အပေါင်းအပါတွေ ဝါဒဖြန့်နေတာကတော့ တရုတ်နိုင်ငံရဲ့ထောက်ခံမှုနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုကို သူတို့ရတော့မယ်ပေါ့။ တကယ်ပဲ အဲ့ဒီလောက်သေချာပြီလား။

တရုတ်နိုင်ငံက မအလစစ်အုပ်စုအပေါ် ကျားကန်ထောက်ခံနေတာက ရှင်းရှင်းကြီး မြင်နေရတဲ့ကိစ္စပါ။ ဒါပေမဲ့ အရေးကြီးတာက မအလစစ်အုပ်စုအပေါ် တရုတ်နိုင်ငံရဲ့ ကျားကန်ထောက်ခံမှုက အကန့်သတ်နဲ့လား၊ အကန့်သတ်မရှိဘူးလား။ တရုတ်နိုင်ငံက မအလစစ်အုပ်စုအပေါ်ကျားကန်ထောက်ခံမှုပေးတာက သူတို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက်ပါ။ ဒီတော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားဆိုတာ ဘာတွေဖြစ်မလဲ။ လိုတိုရှင်းပြောရရင် ‘နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်နိုင်ရေး ‘နဲ့ Belt and Road အပါအဝင် တရုတ်စီမံကိန်းတွေ အကောင်အထည်ပေါ်နိုင်ရေး သူတို့မှာနယ်မြေထိန်းချုပ်နိုင်စွမ်းအပြည့်အဝမရှိခဲ့ရင် မအလစစ်အုပ်စုဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုဖေါ်ဆောင်ပေးနိုင်စွမ်းရှိတော့မှာ မဟုတ်ပါဘူး။ ဒီတော့အဆင့်ဆင့်သောရွေးကောက်ပွဲတွေ ကျင်းပြီးစီးချိန်မှာ မအလစစ်အုပ်စုက နယ်မြေထိန်းချုပ်နိုင်စွမ်း အပြည့်အဝရှိဖို့သေချာနေပြီလား။
လုံးဝ(လုံးဝ)မသေချာပါဘူး။ မအလစစ်အုပ်စုက နောင်ချိုကိုပြန်သိမ်းနိုင်တယ်။ ဗန်းမော်မှာတောင့်ခံထားနိုင်တယ်။ ကျောက်ဖြူမကျသေးဘူးဆိုတာတွေက မတရားစစ်မှုထမ်းဆင့်ခေါ်ထားတဲ့လူငယ်တွေရဲ့ အသက်ကို ကျည်ဆံလုပ်၊ မတန်တဆဒရုန်းနဲ့ ဗုံးကြဲ။ လေကြောင်းပစ်ကူသုံးပြီးရထားတဲ့ လက်တဆုပ်စာ အောင်မြင်မှုတွေပါ။မအလစစ်အုပ်စုမှာ ဒီလက်တဆုပ်စာအောင်ပွဲတွေကလွဲရင် တခြားပြစရာ အောင်ပွဲမရှိပါဘူး။ အရေးကြီးတာက ဒီနည်းလမ်းကို မအလအုပ်စုဟာနေရာမှာကျင့်သုံးနိုင်တဲ့ လူအင်အား၊လက်နက်အင်အား၊ ထောက်ပို့အင်အား မရှိပါဘူး။ သူတို့လက်နက်ကိုတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်ခွန်မားမြှင့်တင်ဖို့၊ ပြည်သူလူထုကို လှည့်စားဖို့ ဒီလက်တစ်ဆုပ်စာအောင်ပွဲတွေကို မတန်တဆပေးဆပ်ပြီး ရယူထားနိုင်တာပါ။ ကြေကွဲစရာအကောင်းဆုံးက တိုင်းပြည်ရဲ့ အညွန့်အဖူး လူငယ်တွေရဲ့ အသက်တွေကို ကျည်ဆံလုပ်နေတဲ့ကိစ္စပါ။
လေးလေးနက်နက် သုံးသပ်ကြည့်ရရင် မအလစစ်အုပ်စုရဲ့ အဆင့်ဆင့်သော တပ်ဖွဲ့ဝင်တွေဟာ မိသားစုကို မအလအုပ်စုဆီမှာ ‘အပေါင်’ ထားထားရသလိုဖြစ်နေလို့သာ ဒီစစ်ကိုဆက်တိုက်နေကြတာပါ။ မအလစစ်အုပ်စုတပ်ဖွဲ့ဝင်တွေဆီမှာ တိုက်ပွဲဝင်စိတ်ဆိုတာ ‘နတ္ထိ’ ပါ။ ထောက်ပို့က မစို့မပို့ ၊သေသွားခဲ့ရင်တောင်မှ အသက်အာမခံကြေးရဖို့မသေချာတဲ့ မအလစစ်အုပ်စုထဲမှာ ဘယ်လိုလုပ်ကိုယ့်တပ်အပေါ် ကိုယ်ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်ရှိမှာလဲ။ စိတ်ဓာတ်ခံယူချက် နတ္ထိဖြစ်နေတဲ့စစ်တပ်ဆိုတာ အောင်ပွဲခံနိုင်မယ့်စစ်တပ်မျိူးမဟုတ်ပါဘူး။ နိုင်ငံရေးအရအရေးကြီးဆုံးကတော့ ပြည်သူလူထုရွံရှာ စက်ဆုပ်မုန်းတီးမှုခံနေရတဲ့ မအလစစ်အုပ်စုဟာ ပြည်သူလူထိုကို ကိုယ်စားပြုနိုင်စွမ်း လုံးဝ(လုံးဝ)မရှိတော့ပါဘူး။ ဒီတော့ မအလစစ်အုပ်စုက ပြည်သူလူထုကို နိုင်ငံရေးအရဘယ်လိုဦးဆောင်မှုပေးနိုင်တော့မှာလဲ။

လက်ရှိမှာကို အနည်းဆုံး တိုင်းပြည်နယ်မြေ (၄၀)ရာခိုင်နှုန်းဆုံးရှုံးထားရတဲ့ မအလအုပ်စုဟာ ရွေးကောက်ပွဲအလွန်မှာ (ဖြစ်ခဲ့ရင်ပေါ့လေ) ပိုကျယ်ပြန့်တဲ့နယ်မြေတွေကို ထိန်းချုပ်နိုင်စွမ်းရှိဖို့ဆိုတာ ခါချဥ်ကောင်ကြီးမာန်ကြီးပေမယ့် အားကမသန်ဆိုတာပါပဲ။ အဓိကပြောချင်တာက ရွေးကောက်ပွဲအလွန်မှာ မအလအုပ်စုကတရုတ်နိုင်ငံကလိုလားနေတဲ့ နယ်မြေထိန်းချုပ်နိုင်စွမ်းရယူနိုင်ဖို့ဆိုတာ မသေချာပါဘူး။ ပိုရှင်းအောင်ပြောရရင် ရွေးကောက်ပွဲ အလွန်မှာ မအလစစ်အုပ်စုဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကိုဖော်ဆောင်ပေးနိုင်ဖို့ဆိုတာ မသေချာပါဘူး။ သူ့အကျိုးစီးပွားအတွက် အာမခံချက် ပေးနိုင်စွမ်းမရှိတဲ့ မအလစစ်အုပ်စုအပေါ်တရုတ်နိုင်ငံက “ဘယ်လိုအကြောင်းကြောင့်” ကန့်သတ်မဲ့ထောက်ခံမှုပေးရမှာလဲ။ ပေးစရာမလိုသလို ပေးမှာလည်းမဟုတ်ပါဘူး။
အဓိကကောက်ချက်ကို ပြောပါမယ်။ လက်တွေ့စစ်မြေပြင်မှာ အောင်ပွဲဖန်တီးနိုင်စွမ်းမရှိခဲ့ရင် မအလစစ်အုပ်စု ပဥ္စလက်ရွေးကောက်ပွဲရလဒ်ဟာ အဓိပ္ပါယ်ရှိတဲ့ဘယ်လိုရလဒ်မျိုးမှ ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။ သတိမမေ့ရမှာက ဒီဇင်ဘာလမှာကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲငယ်လေးတွေထဲက ပထမဦးဆုံးသောတစ်ခုပါ။ ကျင်းပမယ်ဆိုတဲ့ မဲဆန္ဒနယ်အားလုံးမှာ ကျင်းပပြီးစီးနိုင်ဖို့ဘယ်လောက်ကြမှာလဲ။ ဘုရားသခင်ကိုမေးကြည့်ရမယ့် မေးခွန်းပါ။ နိုင်ငံရေးအရဆန့်ကျင်ရမှာ ဖြစ်ပေမယ့် ဒီလောက်မရေရာတာတွေပြည့်နှက်နေတဲ့ မအလရွေးကောက်ပွဲအပေါ်စိုးရိမ်တုန်လှုပ်နေစရာလုံးဝ(လုံးဝ)မရှိပါဘူး။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ မြေပြင်စစ်ပွဲအောင်ပွဲကသာ အပြီးအသတ်ဆုံးဖြတ်ချက်ဆိုတာ လေးလေးနက်နက် နှလုံးသွင်းကြပါစို့။ ။







Comments