နှစ်ဖက်အကျိုးဖြစ်မယ့် တွေ့ဆုံဆွေးနွေးမှုဟု ဘန်ကောက်ရောက် ဦးမင်းအောင်လှိုင်ဆို
- BVJ

- Aug 6
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၆၊ ၂၀၂၆

ထိုင်းအစိုးရရဲ့ ဖိတ်ခေါ်မှုနဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ဒီနေ့ သြဂုတ် ၆ရက်မှာ အာဏာသိမ်းစစ်အုပ်စုသမ္မတ ဦးမင်းအောင်လှိုင်ရောက်နေပြီး ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ကူရာဝီလ်နဲ့ ထိုင်းအစိုးရအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးမင်းအောင်လှိုင်က"ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နှက်ဖက်အကျိုးဖြစ်ထွန်းစေမည့် တွေ့ဆုံဆွေးနွေးမှုကိုပြုလုပ်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြားကာလရှည်ကြာစွာ တည်ရှိခဲ့သောချစ်ကြည်ရင်းနှီးမှူနှင့် နီးကပ်သောပူးပေါင်းဆောင်ရွက်မှုများသည် နှစ်နိုင်ငံပြည်သူများရဲ့ အကျိုးစီးပွားအတွက် အခိုင်အမာဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါသည်"ဆိုပြီး ဘန်ကောက်မြို့ရှိ ထိုင်းအစိုးရအိမ်တော်မှာ မှတ်တမ်းရေးနေတာကိုတွေ့ရပါတယ်။

အာဏာသိမ်းသမ္မတရဲ့ ဒီခရီးစဉ်ကို ထိုင်းအရပ်ဖက်အဖွဲ့အစည်း ၁၆ဖွဲ့ကလည်းကန့်ကွက်ရှုတ်ချကြောင်းထုတ်ပြန်ထားပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အုပ်စုကိုထောက်ပံ့ကူညီနေတာတွေကိုရပ်တန့်ဖို့ တောင်းဆိုထားကြပါတယ်။
ထိုင်းအရပ်ဖက်အဖွဲ့ ၁၆ဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ မြန်မာစစ်အုပ်စုရဲ့အကျိုးစီးပွားထက် မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားကိုအလေးထားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းသမ္မတရဲ့ ဒီခရီးစဉ်မှာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် မြစ်ရေညစ်ညမ်းမှု ပြဿနာတွေကို ပူးတွဲဖြေရှင်းနိုင်ရေး၊ ထိုင်း-မြန်မာနယ်စပ်တလျှောက် လက်နက်ကိုင်ပဋိပက္ခတွေ မဖြစ်ပွားစေရေး၊ အွန်လိုင်းလိမ်လည်မှုဂိုဏ်းနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နယ်စပ်ကုန်သွယ်ရေးစတာတွေကို အဓိကဆွေးနွေးမယ်လို့ထိုင်းသတင်းတွေမှာဖော်ပြကြပါတယ်။
မြန်မာဘက်ခြမ်းက မြေရှားအပါအဝင်သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဆီစီးဆင်းတဲ့ မြစ်ချောင်းတွေညစ်ညမ်းလာတာနဲ့ပတ်သက်ပြီး သြဂုတ်လ ၃ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ နမ့်ခုတ်၊ နမ့်ဆိုင်၊ နမ့်ရွတ်နဲ့မဲခေါင်မြစ်ကာကွယ်ရေး ပြည်သူ့ကွန်ရက်အဖွဲ့က ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲ့ဒီဆန္ဒပြပွဲမှာ ဦးမင်းအောင်လှိုင်ကိုလည်း အိတ်ဖွင့်ပေးစာတစ်စောင်ပေးခဲ့ပါသေးတယ်။




Comments