မလေးရှားကရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀နီးပါးကို မြန်မာနိုင်ငံဘက်စတင်ပို့ဆောင်

သူရ/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၆

မြန်မာနိုင်ငံဟာလုံခြုံမှုမရှိသေးဘူးလို့ ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေကသတိပေးထားတဲ့ကြားကပဲ မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ နီးပါးကို ပထမအသုတ်အနေနဲ့ မြန်မာနိုင်ငံဘက်ကို စတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။
အေအက်ဖ်ပီ (AFP) သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေး ခြံရံမှုနဲ့အတူ ဘတ်စ်ကား ဒါဇင်နဲ့ချီဟာ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း လူးမွတ် (Lumut) ရေတပ်စခန်းအနီးက အားကစားကွင်း တစ်ခုဆီ ရောက်ရှိလာတယ်လို့ သိရပါတယ်။ သတင်းထောက်တွေကိုတော့ အဆိုပါ နေရာအတွင်း ဝင်ခွင့်ပိတ်ပင်ထားခဲ့ပါတယ်။ ခရီးသည်တွေကို စာရင်းဇယား စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ရေတပ်စခန်းဆီ ခေါ်ဆောင်သွားကာ သင်္ဘောနဲ့ မြန်မာနိုင်ငံဘက်ကို ပို့ဆောင်ဖို့ ရှိနေပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် လူ့အခွင့်အရေးအဖွဲ့အစည်း အများစုက သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေအပါအဝင် နိုင်ငံတွင်း ရိုဟင်ဂျာ လူမျိုးစုတွေကို အကြိမ်ကြိမ် နှိမ်နင်းခဲ့ပါတယ်။ အဲဒီအကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရပြီး ကြီးမားတဲ့ ဒုက္ခသည် အကျပ်အတည်းတစ်ခု စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ စာရင်းတွေအရ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆,၁၄၄ ကျော် ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို အများဆုံးလက်ခံထားပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြန်မာနိုင်ငံဘက်ကို ရိုဟင်ဂျာ ၅,၀၀၀ ပြန်လက်ခံဖို့ သဘောတူညီခဲ့တယ်လို့ ပြောကြားခဲ့ဖူးပြီး၊ အခု ဘယ်သူတွေကို ပြန်ပို့နေလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ အင်္ဂါနေ့က ပြန်လည်ပို့ဆောင်ဖို့ ရွေးချယ်ခံရတဲ့ ၁,၅၀၀ နီးပါးဟာ အဲဒီအုပ်စုထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ မြန်မာ့ရေတပ် စစ်သင်္ဘောနှစ်စီးနဲ့ ဆေးရုံသင်္ဘောတစ်စီးတို့ကိုအသုံးပြုသွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီလုပ်ငန်းစဉ်မှာ သူတို့အနေနဲ့ ပတ်သက်ပါဝင်ခြင်း မရှိဘူးလို့ ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်လုံခြုံပြီး ဂုဏ်သိက္ခာရှိရှိပြန်နိုင်မယ့်အခြေအနေတွေမရှိသေးဘူးလို့ သတိပေးထားပါတယ်။
"ဒုက္ခသည်တွေကို ဘယ်လိုပဲ ပြန်ပို့သည်ဖြစ်စေ ဆန္ဒအလျောက်ဖြစ်ရမယ်၊ အချက်အလက် အပြည့်အစုံ သိရှိထားတဲ့အပေါ် အခြေခံရမယ်၊ ဒါ့အပြင် လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အခြေအနေတွေအောက်မှာ ဖြစ်ရပါမယ်" လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒီသတိပေးချက်အပေါ် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး ပြန်ပို့မှုတွေဟာ ပြန်ပို့ခံရတဲ့သူတွေရဲ့ ဆန္ဒအလျောက်သာ ဖြစ်တယ်ဆိုတဲ့ သူတို့ရဲ့ ယခင်ထုတ်ပြန်ချက်ကိုသာ ကိုးကားပြောဆိုခဲ့ပါတယ်။
ချုပ်နှောင်ခံထားရတဲ့သူတွေအနေနဲ့ သူတို့ကိုယ်တိုင် ထွက်ပြေးခဲ့ရတဲ့နိုင်ငံဆီကို လွတ်လပ်စွာဆန္ဒအလျောက်ပြန်ချင်စိတ် ရှိ၊ မရှိဆိုတာကို လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက မေးခွန်းထုတ်နေကြပါတယ်။
နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) ကလည်း မလေးရှားနိုင်ငံအနေနဲ့ ဒီလို ပြန်လည်ပို့ဆောင်မှုတွေကို ရပ်တန့်ပေးဖို့၊ ဘယ်သူတွေကို ပြန်ပို့နေလဲဆိုတာနဲ့ လူတစ်ဦးချင်းစီအပေါ် ဘာတွေအန္တရာယ် ရှိလာနိုင်လဲဆိုတာကို ထုတ်ဖော်ပြောပြပေးဖို့ တိုက်တွန်းထားပါတယ်။ "ဒုက္ခသည်တွေကို သူတို့ထွက်ပြေးလာခဲ့ရတဲ့၊ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့်နေရာတွေဆီကို ပြန်မပို့သင့်ပါဘူး" လို့ အဖွဲ့အစည်းက ဆိုပါတယ်။
အရပ်ဘက် လူ့အဖွဲ့အစည်းပေါင်း ၁၆၀ ကျော်ကလည်း အကြမ်းဖက်ခံရမယ့်အရေးနဲ့ ရိုဟင်ဂျာတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲ အတင်းအကျပ် စုဆောင်းခံရမယ့် အန္တရာယ်တွေကို ထောက်ပြပြီး ဒီပြန်လည်ပို့ဆောင်မှုကို ရပ်တန့်ဖို့ တောင်းဆိုထားကြပါတယ်။ သူတို့ရဲ့ ဒီသတိပေးချက်တွေ ထွက်ပေါ်လာတာဟာ ရိုဟင်ဂျာအများစု ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
မလေးရှားနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကွန်ဗန်းရှင်း (1951 Refugee Convention) မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတစ်ခု မဟုတ်သလို၊ ဒုက္ခသည်အဆင့်အတန်းကိုလည်း တရားဝင် အသိအမှတ်ပြုထားခြင်း မရှိပါဘူး။
မလေးရှားဝန်ကြီးချုပ် အန်ဝါကတော့ ၂၀၁၇ ခုနှစ် နှိမ်နင်းမှုတွေကို ဦးဆောင်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကို ဖိတ်ကြားပြီး ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားထားပါတယ်။
ခရက်ဒစ် - AL Jazeera




Comments