မလေးရှားမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေဖမ်းဆီးခံရမှုအတွင်း မြန်မာနိုင်ငံသား အများဆုံးပါဝင်
- BVJ

- Dec 8, 2025
- 1 min read
နေအောင်/ BVJ- ဒီဇင်ဘာ ၈၊ ၂၀၂၅

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်မှာရှိတဲ့ ဆာလာယန်းဈေးဟောင်းမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မလေးရှားလူဝင်မှုကြီးကြပ်ရေးက အထူးစစ်ဆင်ရေး(အော်ပရာစီ)နဲ့ အခုဒီဇင်ဘာလ ၆ရက်နေ့ ဒေသစံတော်ချိန် ည ၈နာရီဝန်းကျင်က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်းမှာ နိုင်ငံခြားသားအလုပ်သမား ၁၁၁၆ ယောက်ကို စစ်ဆေးခဲ့ပြီး အထောက်အထားမရှိတဲ့နိုင်ငံခြားသား ၈၄၃ ဦးကိုစိစစ်တွေ့ရှိခဲ့တယ်လို့ မလေးရှားအခြေစိုက် သတင်းဌာနတွေကဖော်ပြကြပါတယ်။
မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို နေ့စဉ်နီးပါးဖမ်းဆီးနေတာဖြစ်ပြီး ဒီတခေါက်ဖမ်းဆီးခံရမှုမှာ မြန်မာနိုင်ငံသားအများဆုံးပါဝင်နေတာဖြစ်တယ်လို့ မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက BVJ ကိုပြောပါတယ်။
“အဖမ်းအဆီးကနေ့တိုင်းရှိတယ်။ လူစည်ကားတဲ့နေရာတွေလည်း ဖမ်းတာပဲ။ မြန်မာဆိုပြီးဖမ်းတာမျိုးတော့ မဟုတ်ဘူး။ ခါတိုင်းဖမ်းတဲ့အခါ ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေအများဆုံးပါလေ့ရှိတယ်။ ဆာလာယန်းဈေးတဝိုက်ကျတော့ မြန်မာတွေများတယ်။ အဲ့တာကြောင့် မြန်မာအများစု ဒီတခါအဖမ်းခံရတာ” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသားအလုပ်အသား ၈၄၃ ဦးမှာ မြန်မာနိုင်ငံသား ၆၄၇ဦးထိပါဝင်ပြီး အမျိုးသား ၆၁၇ ဦးနဲ့ အမျိုးသမီး ၃၀ တို့ဖြစ်ပါတယ်။ အခုစစ်ဆေးမှုကို မလေးရှားလူဝင်မှုကြီးကြပ်ရေး၊ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့၊ မလေးရှားစစ်တပ်နဲ့ အမျိုးသားမှတ်ပုံတင်ဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။
မလေးရှားမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေကို နေ့တိုင်းနီးပါး ဖမ်းဆီးနေတာမို့ တရားမဝင်နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့အနေအထိုင်ဆင်ခြင်ကြဖို့နဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကိုယ်နဲ့မကွာဆောင်ထားကြဖို့ မလေးရှားရောက်မြန်မာနိုင်ငံသားတွေကိုအကူအညီပေးနေကြတဲ့ မြန်မာနိုင်ငံသားလူမှုကူညီရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။







Comments