အာဆီယံအပေါ် အာဏာသိမ်းသမ္မတရဲ့ သဘောထား
- BVJ

- Jul 31
- 1 min read
BVJ_ဇူလိုင် ၃၁၊ ၂၀၂၆
“အာဆီယံထုတ်ပြန်ချက် (၅) ချက်ဟာ အာဆီယံရဲ့အဖွဲ့ရဲ့ ဘုံသဘောတူညီချက်မဟုတ်ဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ အဆိုပါထုတ်ပြန်ချက်တွေဟာ အစိုးရချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက်အကျိုးရှိစေခြင်း၊ ASEAN Charter, ASEAN Way, ASEAN Spirit တို့ပေါ်မှာအခြေခံမယ်ဆိုရင် အပြုသဘောစဉ်းစားပေးမယ်ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်”
ဒီနေ့ ဇူလိုင် ၃၁ရက်မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အာဏာသိမ်းအစိုးရရဲ့ ရက် ၁၀၀ ပြည့်မိန့်ခွန်းကို အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်ကပြောခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာအာဆီယံနဲ့ပတ်သက်တဲ့သဘောထားကို အခုလိုပဲထည့်သွင်းပြောခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အာဆီယံဘုံသဘောထားရပ်တည်ချက်(၅)ရပ်ကိုအကောင်အထည်ဖော်ဖို့ နိုင်ငံတကာကဖိအားပေးမှုတွေရှိနေသလို အာဆီယံအနေနဲ့လည်း ဒီသဘောထားပေါ်မှာပဲဆက်လက်ရပ်တည်ဆဲဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းစာရှင်းလင်းပွဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကပြောထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ဆွေးနွေးပွဲမှာ အာဆီယံက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို တညီတညွတ်ထဲချမှတ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဦးဆောင်တဲ့စစ်အုပ်စုဘက်ကတော့ ဒီအချက်တွေနဲ့ပတ်သက်ပြီး တစ်ချက်မှအကောင်အထည်ဖော်တာမရှိခဲ့သလို အခုလ ဇူလိုင် ၉ရက်နေ့မှာလည်း အာဆီယံဘုံသဘောတူညီချက် (၅)ချက်အပေါ် ကန့်ကွက်တဲ့အဆိုကို စစ်အုပ်စုလွှတ်တော်ကနေ အတည်ပြုဆုံးဖြတ်ခဲ့ပါသေးတယ်။

Comments