“မြုံနေသော မအလနှင့် မည်းမှောင်အနာဂတ်”
- BVJ
- 6 days ago
- 3 min read
လင်းယုန်နက်

တိုင်းပြည်မှာ လူသုံးဦးရှိတိုင်း တစ်ဦးဟာ ဆင်းရဲမွဲတေတဲ့ ဘဝကို ရောက်နေပါပြီ
စောမောင်၊ သန်းရွှေကစပြီး မအလအထိ စစ်အာဏာရှင်အဆက်ဆက်က သူတို့ကိုယ်ကျိုးစီး ပွားအ တွက် ဈေးကွက်စီးပွားရေးအတု၊ ပါတီစုံဒီမိုကရေစီအတုတွေကို မျက်နှာဖုံးတပ် အသုံး ချခဲ့ကြ ပါ တယ်။ စျေးကွက်စီးပွားရေးအစစ်သာဖြစ်ခဲ့ရင် အသက်သွေးကြောဖြစ်တဲ့ ဘဏ်လုပ်ငန်းတွေဟာ ရှင်သန်အားကောင်းနေရမှာပါ။ ဘဏ်လုပ်ငန်း ရှင်သန်အားကောင်းတယ်ဆိုတာက ဘဏ်တွေမှာ ငွေအပ်တဲ့သူတွေများသလို၊ ချေးငွေယူတဲ့ လုပ်ငန်းတွေ များတာကို ဆိုလိုတာပါ။ မအလ အာဏာ မသိမ်းခင်မှာကို မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ ချေးငွေယူတဲ့နှုန်းအနည်းဆုံး (ထိုင်းနိုင်ငံရဲ့ သုံးပုံတစ်ပုံ)၊ အပ်ငွေနှုန်းကလည်း အနည်းဆုံး (ထိုင်းနိုင်ငံရဲ့ လေးပုံတစ်ပုံ) ပဲရှိတာပါ။ မအလ အာဏာ သိမ်းလိုက်တာနဲ့ မူလကတည်းက ‘ယိုင်’ နေတဲ့ ဘဏ်လုပ်ငန်းတွေဟာ လုံးဝရပ်တော့လုနီးပါးဖြစ်၊ ကန့်သတ်ထားတဲ့ ငွေလေးရဖို့ ဘဏ်မှာ လူတန်းရှည်ကြီး တန်းစီစောင့်ခဲ့ကြရတာကို မှတ်မိကြမှာပါ။
Wave Money ဆိုရင် အာဏာမသိမ်းခင် ဇန်နဝါရီလမှာ အပြန်အလှန်လွှဲငွေ မြန်မာကျပ်ငွေ ဘီလျံပေါင်း (၁၄၁၄) ရှိရာကနေ အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလမှာ မြန်မာကျပ်ငွေ ဘီလျံပေါင်း (၉၂၃) ပဲရှိပါတော့တယ်။ ၂၀၂၁ ခုနှစ် ဇွန်လရောက်တော့ မြန်မာကျပ်ငွေ ဘီလျံပေါင်း (၃၇၃) ပဲ ကျန်ပါ တော့တယ်။ မအလ စစ်အုပ်စု အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးဘယ်လောက်ကျုံ့ ဝင်သွားသလဲဆိုတာက ဒီတစ်ချက်တည်းနဲ့ ပေါ်လွင်ပါတယ်။
မအလ စစ်အုပ်စုဟာ သူတို့အာဏာဆက်ချုပ်ကိုင်နိုင်ဖို့ အင်တာနက်တွေ ပိတ်ဆို့ ချုပ်ကိုင်တဲ့ အမိန့်တွေ အမျိုးမျိုးထုတ်ဆိုတော့ ဘဏ်စနစ်အပေါ် ပြည်သူလူထုက လုံးဝအယုံ အကြည် မရှိ တော့ပါဘူး။ မအလ စစ်အုပ်စုရဲ့ မတော်မတရား အမိန့်တွေကြောင့် အရောင်းအဝယ် ပမာဏများတဲ့ ရွှေလုပ်ငန်းရှင်တွေဆိုရင် ဘဏ်ကို လုံးဝမသုံးတော့ပါဘူး။ မအလ စစ်အုပ်စုရဲ့ လက်အောက်မှာ ဘဏ်လုပ်ငန်းတွေဟာ နေ့စဉ် လိုအပ်ချက် အသေးအမွှားလေးအတွက်ပဲ ရပ်တည်ရှင်သန်နေရတာပါ။ ဘဏ်လုပ်ငန်းတွေ ရှင်သန်အားမကောင်းပဲ တိုင်းပြည်စီးပွား ရှင်သန်နေရတာပါ။ ဘဏ်လုပ်ငန်းတွေ ရှင်သန်အားမကောင်းပဲ တိုင်းပြည်စီးပွားရေးတိုးတတ်အောင်လုပ်မယ်ဆိုတာ ဓာတ်ဆီမထည့်ပဲ ကားမောင်းမယ် ပြောသလို အဓိပ္ပါယ်မရှိတဲ့ ကိစ္စပါ။

ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရ ၂၀၂၅/၂၆ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ တိုင်းပြည်ထွက်ကုန်တန်ဖိုး (GDP) ဟာ (2.5) ရာခိုင်နှုန်း ကျုံ့ဝင်သွားမှာပါ။ ငွေကြေးဖောင်းပွနှုန်းကလည်း ၂၀၂၅ ခုနှစ်မှာ (34.1) ရာခိုင်နှုန်းရှိမှာပါ။ ငွေကြေးဖောင်းပွတယ်ဆိုတဲ့ နေရာမှာလည်း မရှိမဖြစ် အခြေခံစားကုန်တွေနဲ့ လောင်စာဆီလို ပစ္စည်းတွေမှာ ပိုသိသာပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အခြေခံစားစရိတ်က ၂၀၂၀ ခုနှစ် ဇွန်လနဲ့ ၂၀၂၄ ခုနှစ် မတ်လအကြားမှာ သုံးဆနီးပါး ခုန်တတ်သွားပါတယ်။ ၂၀၂၅ ခုနှစ်မှာ အဲ့ဒီထက် ပိုများမှာက သေချာပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ တွက်ချက်မှုအရ မြန်မာနိုင်ငံသူနိုင်ငံသား (၁၅) သန်းဟာ စားစရာမလုံလောက်၊ မဝရေစာ စားနေရတဲ့ အခြေအနေ ရောက်နေပါပြီ။ တိုင်းပြည်လူဦးရေ သန်း (၆၀)ထား တွက်လိုက်ရင် တိုင်းပြည်မှာ လူလေးဦးရှိတိုင်း တစ်ဦးဟာ မဝရေစာစား၊ ငတ်မသေရုံတမယ်နေရတဲ့ အခြေအနေရောက်နေပါပြီ။ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုအရ တိုင်းပြည်မှာ လူသုံးဦးရှိတိုင်း တစ်ဦးဟာ ဆင်းရဲမွဲတေတဲ့ ဘဝကို ရောက်နေပါပြီ။ မဝရေစာ စားနေရတဲ့ ဘဝထက် ပိုဆိုးတဲ့ ဘဝမျိုးပါ။
တိုင်းပြည်ရဲ့ စီးပွားရေးက ပြိုလဲလုလု ဖြစ်နေတဲ့အချိန်မှာ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏဟာ ဒေါ်လာ (၁၁) ဘီလျံရှိတယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ထားပါတယ်။မအလ စစ်အုပ်စုက မတော်မတရား အာဏာသိမ်း၊ လူထုကို ပစ်မှတ်ထား ဖိနှိပ်စစ်ဆင်နွှဲနေတဲ့အတွက် တိုင်းပြည်အနှံ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကုန်စည်စီးဆင်မှုတွေက တစ်ဆို့ခက်ခဲ၊ လယ်ယာစိုက်ပျိုးရေးလို တိုင်းပြည်ရဲ့ အခြေခံ ကုန်ထုတ်လုပ်ငန်းတွေကလည်း ပုံမှန်မလည်ပတ်နိုင်၊ ဒီကြားထဲ မအလစစ်အုပ်စုက လူငယ်၊ လူလတ်တွေကို အတင်းအကျပ် စစ်မှုထမ်းခိုင်းနေတဲ့အတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးလို အခြေခံလုပ်ငန်းတွေကစပြီး တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းအသီးသီးမှာ အလုပ်သမား၊ ဝန်ထမ်းလိုအပ်ချက် မဖြည့်ဆည်းနိုင်တဲ့ ပြဿနာက ဧရာမ ပြဿနာဖြစ်နေပါပြီ။ စစ်မှုထမ်းဖို့ မတော်မတရား ဆင့်ခေါ်နေတဲ့အတွက် လူငယ် ပညာတ တ်တွေ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်နေရတာဟာ တိုင်းပြည်စီးပွားရေး အရှိုက်ကို ထိုးလိုက်တာနဲ့ အတူတူပါပဲ။
မအလ စစ်အုပ်စုဟာ တစ်ဒေါ်လာငွေလဲနှုန်း မြန်မာကျပ်ငွေ လေးထောင်အောက် ဆင်းလာတာကိုပဲ “မြန်မာကျပ်ငွေ မာလာသလို” အရှက်မရှိ၊ မျက်နှာပြေင်တိုက် ဂုဏ်လုပ်နေပါသေးတယ်။ သွင်းကုန် လိုင်စင်တွေ ချမပေးတော့ ဒေါ်လာကို များများစားစား ဝယ်မယ့်လူမရှိ၊ ဒီလိုဝယ်မယ့်သူမရှိလို့ ဒေါ်လာဈေးကျလာတာကို မြန်မာကျပ်ငွေ မာလာသလို ပြောနေတော့ “ရူးနေသလား” လို့ပဲ မေးရမှာပါ။ လက်ရှိမှာ ဒေါ်လာဈေးကျလာတာဟာ တိုင်းပြည်စီးပွားရေးကောင်းလို့ မြန်မာကျပ်ငွေ မာလာတာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း မလည်ပတ်နိုင်ပဲ တိုင်းပြည်စီးပွားရေး ကျုံ့ဝင်သွားလို့ ဒေါ်လာ ဝယ်မယ့်သူမရှိပဲ ဒေါ်လာဈေးကျနေတာပါ။

ဒီကြားထဲ မအလ စစ်အုပ်စုက ရွှေဉာဏ်တော်စူးရောက်ပြီး သွင်းကုန်အစားထိုး မူဝါဒဆိုတာကြီးကို ချမှတ်လာပါတယ်။ ပြည်ပကို ဒေါ်လာငွေတွေ မထွက်ရအောင် လိုအပ်တဲ့ပစ္စည်းတွေကို ပြည်တွင်းမှာပဲ ထုတ်မယ်ပေါ့။ နေပါဦး ပြည်တွင်းမှာက ဘာများထွက်လို့လဲ။ လက်ရှိမှာ တိုင်းပြည်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်း အားလုံးနီးပါးဟာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ဥပမာ တိရစ္ဆာန်အစားအစာတွေအတွက် လိုအပ်တဲ့ ပဲပိစပ်ကို နိုင်ငံခြားကနေ တင်သွင်းနေရတာပါ။ ကုန်ကြမ်းပစ္စည်းမရှိပဲ ဘယ်လိုလုပ် ကုန်ထုတ်လုပ်ငန်းတွေ လည်ပတ်နိုင်မှာလဲ။ ဒီမူဝါဒအတိုင်း ဆက်သွားရင် လေးငါးလအတွင်း တိုင်းပြည်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတော့မှာပါ။ လက်ရှိမှာကို ဆေးဝါးအပါအဝင် လူထုရဲ့ နေစဉ် လိုအပ်ချက် ပစ္စည်းတွေဟာ ခက်ခက်ခဲခဲ ရှာဝယ်ရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ခက်ခက်ခဲခဲ ရှာဝယ်ရပြီဆိုကတည်းက ဈေးတက်ပြီပေါ့။
မအလ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေရဲ့ ဝင်ငွေလမ်းကြောင်း ဖြတ်တောက် ပိတ်ဆို့ဖို့ ဆိုပြီး နယ်စပ်က ပစ္စည်းဝင်ရာ လမ်းကြောင်းတွေကို ပိတ်ဆို့ ဟန့်တားနေတော့ ဒေါ်လာစျေးကျ ပေမယ့် လူထုနေ့စဉ် သုံးစွဲနေရတဲ့ ဘယ်ပစ္စည်းမှ စျေးမကျပါဘူး။ တတ်ပြီးရင်း တတ်နေတာပါ။ စပါးစိုက်ပျိုးရေးမှာ ဓာတ်မြေဩဇာနဲ့ ဒီဇယ်လို သွင်းအားစုတွေက “အဆ” နဲ့ ခုန်တတ်နေပေမယ့် ဒီနှစ်စက်တင်ဘာလမှာ စပါး (အစို) တင်းတရာစျေးနှုန်းက (၉) သိန်းပဲရှိပါတယ်။ ထုတ်လုပ်မှုစရိတ်က (၇) သိန်း ရှိပါတယ်။ တစ်ဧကကို တင်း (၈၀) အောက်ထွက်ရင် ဒီလယ်သမား ရှုံးပါပြီ။ လယ်သမားအများစုက တင်း (၈၀) အောက်ပဲ ထွက်ကြတာပါ။ ရှုံးကြပြီပေါ့။ NLD အစိုးရလက်ထက် ၂၀၂၀ မှာ ဒီစပါးမျိုးက တင်း (၁၀၀) ကို (၁၅) သိန်းဝန်းကျင်ရပါတယ်။ လက်ရှိမှာ သွင်းအားစုတွေ စျေးခုန်တတ်၊ ထုတ်ကုန်ကျတော့ စျေးခုန်ဆင်းဆိုတော့ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေဘဝ “ကသောင်းကနင်း” ဖြစ်ပြီပေါ့။ ဒီလိုအခြေအနေမှာ ပြည်သူအများစုက အသားဖြစ်နိုင်သမျှ လျော့စား၊ စျေးအပေါဆုံး ဆန်ကြမ်းကိုစား၊ ပညာရေး၊ ကျန်းမာရေးအတွက် ခြစ်ချုပ်ပြီး သုံးနိုင်ရင်သုံး၊ မသုံးနိုင်ရင် လည်ဆင်းခံပေါ့။

မတော်မတရား စစ်မှုထမ်းဆင့်ခေါ်မူကြောင့် ကျီးလန့်စာစား အလုပ်လုပ်နေရလို့ အလုပ်သမားဝန်ထမ်း ရှားပါးနေချိန်၊ လျှပ်စစ်ဓာတ်အားကို ဆင့်ပါးစပ် နှမ်းပက်သလို ပေးနေချိန်၊ သွင်းကုန်လိုင်စင် ပိတ်ထား လို့ ကုန်ကြမ်းပစ္စည်းတွေ မရှိသလောက်ဖြစ်နေချိန်။ ဒီလို အချိန်မှာ ပြည်ပသွင်းကုန်တွေ အစားထိုးဖို့ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေ မြင့်တက်မယ်ဆိုတာ ဦးနှောက်မရှိလို့ ပြောတဲ့စကားပါပဲ။ ဒေါ်လာဈေးကျနေတဲ့ လက်ရှိအခြေအနေဟာ ပြည်သူလူထုအတွက် နှမ်းတစ်စေ့တောင် အကျိုးမရှိပါ ဘူး။ဆေးဝါးအပါအဝင် ပြည်သူလူထုရဲ့ နေ့စဉ် လိုအပ်တဲ့ ပြည်ပက ပစ္စည်းတွေကို ပိတ်ပင်ပြီး စစ်အုပ်စုက ပြည်သူလူထုကို ဒရုန်းတွေနဲ့သတ်၊ တိုက်လေယာဉ်ပျံတွေနဲ့ ဗုံးကြဲသတ်ဖြတ်နိုင်ဖို့ ရှိသမျှဒေါ်လာတွေကို စစ်လက်နက်ပစ္စည်းတွေ ဝယ်နေသရွေ့ လူထုရဲ့ နေ့စဉ်ဘဝဟာ ဘယ်လိုမှ ချောင်လည်လာစရာ မရှိပါဘူး။ ကျပ်တည်းသထက် ကျပ်တည်းလာမှာပါ။ မအလ စစ်အုပ်စုရဲ့ စစ်အသုံးစရိတ်ဟာ ဒေါ်လာ (၅) ဘီလျံရှိပါတယ်။ တိုင်းပြည်က GDP က ဒေါ်လာ (၆၅) ဘီလျံပဲရှိတာပါ။ လူထုအတွက် ဘာကျန်တော့မှာလဲ။
မအလ စစ်အုပ်စုက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲက တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကို ဘယ်လိုလုပ်ပြောင်းလဲနိုင်မှာလဲ။ ဟန်ပြစတိရွေးကောက်ပွဲ လုပ်ရုံနဲ့ တိုင်းပြည်ရဲ့ ဘဏ်တွေအပေါ် ပြည်သူလူထုက ယုံကြည်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဟန်ပြစတီရွေးကောက်ပွဲလုပ်ရုံနဲ့ “နတ်ရေကန်ထဲခုန်ဆင်းလိုက်သလို” တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေ လည်ပတ်လာမှာ မဟုတ်ပါဘူး။ပေးနိုင်တဲ့ဓာတ်အားတွေကလည်း ခုန်တက်လာမှာ မဟုတ်ပါဘူး။ လျှာထွက်မတတ် နေ့စဉ်စားဝတ်နေရေး စရိတ် ဖိစီးမှုခံနေရတဲ့ ပြည်သူလူထုရဲ့ ဘဝကလည်း ပိုပြေလည်လာစရာ အကြောင်းမရှိပါဘူး။ အရည်အချင်းညံ့ဖျင်းတဲ့ စစ်အုပ်စုက ဟန်ပြစတိရွေးကောက်ပွဲလုပ်ရုံနဲ့ “အတွေးအခေါ်မရှိ၊ လူ့နှလုံးသားပျောက်ဆုံး” နေတဲ့သူတွေက ဘယ်လိုလုပ် “အတွေးအခေါ်ရှိ၊ လူ့စိတ်ပေါက်လာ” မှာလဲ။
ရိုးစင်းတဲ့အဖြေက ရှိပြီးသားပါ။ ကိုယ်ညံ့ဖျင်းတွေကို ဝန်ခံ၊ ကိုယ့်အပြစ်တွေကို တာဝန်ယူပြီး မတော်မ တရား သိမ်းထားတဲ့ အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ လူထုထံ ပြန်အပ်လိုက်ရုံနဲ့ “သွေးတစ်စက်၊ ငွေတ ပြား” မှ မကုန်ပဲ သားရွှေအိုးထမ်းတဲ့ကိန်းကို မြင်ရမှာပါ။ ဒီလိုမဖြစ်သရွေ့ “အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေး” လူထုလက်နက်ကိုင်တော်လှန်ရေးကတော့ အရှိန်အဟုန် မြင့်မားလာပြီး အဆုံးသတ်မှာ အောင်ပွဲခံမှာပါ။ ။
Comments