ကန့်ဘလူလေကြောင်းဗုံးကြဲခံရပြီး ကလေးငယ် ၂ယောက်အပါ အမျိုးသမီး ၄ ဦးသေဆုံး

မိုနာ/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် အင်းလယ်ကြီးရွာကို မနေ့က စက်တင်ဘာ ၂၈ရက်နေ့လယ်မှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၂ယောက်အပါအဝင်အမျိုးသမီးလေးဦးသေဆုံးခဲ့ပါတယ်။
လေယာဉ်သံကြားလို့ရှောင်ပုန်းဖို့ပြင်နေချိန်မှာပဲ ဗုံးကြဲခံလိုက်ရတာဖြစ်ပြီး သေဆုံးသွားသူတွေဟာ အသက် ၂နှစ်၊၄နှစ်နဲ့ကလေးငယ်နှစ်ယောက်နဲ့ အသက် ၃၀အရွယ်အမျိုးသမီးနှစ်ယောက်ဖြစ်ပြီး အဲ့ဒီထဲကနှစ်ယောက်ဟာ သားအမိဖြစ်တယ်လို့ဒေသတွင်းကသိရပါတယ်။
လေကြောင်းဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေအချို့လည်းရှိနေပြီး အဲ့ဒီထဲကတချို့ကဒဏ်ရာပြင်းထန်ကြောင်းနဲ့ သေဆုံးသူတွေကိုတော့ မနေ့ကပဲသင်္ဂြိုလ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ကတရက်ထဲမှာ ရခိုင်ပြည်နယ်တွင်းက ကျောက်တော်၊မင်းပြားနဲ့သံတွဲမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တို့ကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၅၄ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၇၀ ကျော်ရှိခဲ့ပါတယ်။




Comments