ထိုင်းမှာလုပ်ငန်းခွင်ထိခိုက်မှုကြောင့် လက်တဖက်ဖြတ်လိုက်ရသူမိန်းကလေး နစ်နာကြေးမရသေး
- shwe yee
- Feb 4
- 1 min read
အယ်နာ/BVJ_ဖေဖော်ဝါရီ ၄၊ ၂၀၂၆

"အပြင်မသွားရဲဘူး၊လူတွေကလက်ကိုကြည့်ကြလို့"
အပြင်မှာ အရင်လို လျှောက်လည်စားသောက်ရမှာ၊ လူတွေကြားသွားရမှာရှက်ရွံနေတဲ့မိန်းကလေးက အသက် ၁၉ နှစ်အရွယ် မလှလှအေးပါ။
အရင်ကတော့ သူမကဒီလိုရှက်ရွံတာတွေမရှိခဲ့ပါဘူး။ လူငယ်ပီပီ TikTok ဆော့တာ၊ ဓာတ်ပုံရိုက်တာတွေကိုပြုလုပ်လေ့ရှိပေမယ့် လက်ဖဝါးတစ်ဝက်ဖြတ်ရပြီးနောက်ပိုင်း ဓာတ်ပုံရိုက်ရင် လက်ချောင်းတွေမရှိတော့တဲ့ ညာဘက်လက်ကို အပေါ်အကျီအိတ်ကပ်ထဲထည့်ထားတာမျိုး ၊ အဝတ်၊အိတ်စတဲ့ တခုခုနဲ့ဖုံးကွယ်ထားတာမျိုးကိုပဲမြင်တွေ့ရပါတော့တယ်။
မလှလှအေးဟာ မွန်ပြည်နယ်၊ရေးမြို့နယ်ကနေ ထိုင်းကိုရောက်လာတာတစ်နှစ်ကျော်သာရှိသေးပြီး အရွယ်မရောက်သေးတဲ့မောင်လေးရယ်၊မိခင်ရယ်နဲ့ အတူနေပါတယ်။ မိခင်ဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံ၊ နွန်ထဘူလီခရိုင် ၊စိုင်နွဲ့မြို့နယ် ဝပ်စမူဇော်မှာရှိတဲ့ ရေသန်ဗူးထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်ဝင်လုပ်နေပြီး အလုပ်ဝင်တာ ခုနှစ်လအကြာ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ ၁၀ ရက် ညနေ သုံးနာရီခွဲမှာ မလှလှအေးတစ်ယောက် လုပ်ခွင်အတွင်း မတော်တဆမှုကိုရင်ဆိုင်လိုက်ရပါတယ်။
ရေသန့်ဗူးထုတ်လုပ်တဲ့စက်ထဲမှာ အမှိုက်တွေ့တဲ့အတွက် စက်ပိတ်ပြီးအမှိုက်ထုတ်နေချိန်မှာ တခြားအလုပ်သမားတစ်ယောက်က စက်ကိုဖွင့်လိုက်မိတဲ့အတွက် မလှလှအေးရဲ့ ညာဘက်လက်တစ်ဖက်က စက်ထဲညှပ်မိသွားပါတယ်။

အခင်းဖြစ်ဖြစ်ချင်း ပကန်စံခွန်( အလုပ်သမား အာမခံ )ရှိတဲ့ စိုင်နွဲ့ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဖနန်ကောက်ဆေးရုံကိုပြောင်းရွေ့ကုသခဲ့ရပါတယ်။
"အရေးပေါ်လုပ်မပေးဘူး၊လက်ကို တစ်ရက်နဲ့တစ်ညထားတယ်"လို့မလှလှအေးကပြောပါတယ်။
ဆေးကုသမှုခံယူပြီး ဒဏ်ရာပြင်းထန်တာကြောင့် ညာဘက်လက်ဖဝါးတစ်ဝက်ဖြတ်ပစ်လိုက်ရပြီး ဆေးရုံမှာ ၃၇ ရက်ကြာကုသခဲ့ရပါတယ်။

လက်တဖက်ဖြတ်လိုက်ရပြီးပေမယ့် မလှလှအေးတစ်ယောက် ကိစ္စမအေးသေးပါဘူး။
ဆေးရုံကဆင်းချိန်မှာ စက်ရုံစာရေးမက ဆေးကုသမှုကုန်ကျစရိတ်အားလုံးကို ပကန်စံခွန်( အလုပ်သမား အာမခံ)နဲ့ရှင်းတယ်ပြောပြီး ဆေးရုံဆင်းပြီးနောက်ပိုင်းမှာတော့ ဆေးကုသစရိတ်ကို သူဌေးကရှင်းပေးထားတာဆိုပြီး တမျိုးပြန်ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း ဆုံးရှုံးမှုအတွက်နစ်နာကြေးရရှိဖို့တောင်းခံပေမယ့် စာရေးမက ဆေးကုသစရိတ် ဘတ်တစ်သိန်းကျော်ထုတ်ထားပေးတဲ့အတွက် နစ်နာကြေးမပေးနိုင်ကြောင်း၊ ဥပဒေအရ ရက် ၃၀ လုပ်အားခသာပေးနိုင်မယ်လို့ ဆိုလာတာပါ။
ဒါကြောင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ဆီကို မလှလှအေးတို့တွေအကူအညီတောင်းခဲ့ကြပါတယ်။
WAG အဖွဲ့က ကိုမုန်တိုင်းကတော့ စက်ရုံသူဌေးက ပကန်စံခွန်ကိစ္စတွေတင်ဆောင်ပေးထားပြီးဖြစ်ကြောင်းနဲ့ ၅ လပိုင်းဆေးရုံရက်ချိန်း ပြီးဆုံးတဲ့အချိန်မှသာ ပကန်စခွန်ရုံးမှာနစ်နာကြေးရရှိဖို့ပြန်လည်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
ပကန်စခွန်ဆိုတာ ထိုင်းနိုင်ငံမှာအလုပ်လုပ်တဲ့အလုပ်သမားတစ်ယောက် မတော်တဆ ထိခိုက်ဒဏ်ရာရတာ၊အလုပ်ကြောင့် နာမကျန်းဖြစ်တာတွေကိုကာကွယ်ပေးဖို့ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ အလုပ်သမားအာမခံဖြစ်ပါတယ်။ အလုပ်ရှင်ဘက်က မဖြစ်မနေသွင်းရတဲ့အာမခံဖြစ်ပြီး အလုပ်သမားလစာထဲကမဖြတ်ရဘူးလို့ ထိုင်းနိုင်ငံ အလုပ်သမား အာမခံဥပဒေမှာဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေအနေနဲ့လုပ်ငန်းခွင်အတွင်း ထိခိုက်နစ်နာမှုတွေဖြစ်ခဲ့ရင် နစ်နာကြေးပေးဖို့ကို အလုပ်ရှင်တွေဘက်က အကြောင်းအမျိုးမျိုးပြတွန့်ဆုတ်နေတတ်ကြတာကြောင့် အလုပ်သမားအရေးကူညီသူအဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ လုပ်ဆောင်ရတာမျိုးတွေဟာ အရင်ကလည်း အများကြီးရှိခဲ့ပါတယ်။

မလှလှအေးကတော့ "ဒဏ်ရာကြောင့် လက်ကနာသလို အရိုးနည်းနည်းကိုက်တယ်။ အလုပ်ကတော့ပြန်လုပ်ဖို့ခေါ်တယ်"Burma VJကိုပြောပြပါတယ်။
သူမအနေနဲ့ အမေဖြစ်သူကိုပြည့်စုံတဲ့ဘဝမှာထားချင်ပြီး ပြည့်စုံအောင်မလုပ်ပေးနိုင်သေးဘဲ အခုလိုလက်ဖြတ်လိုက်ရတဲ့အတွက် ဝမ်းနည်းပြီးငိုမိတယ်လို့လည်းပြောပါတယ်။







Comments