စစ်ကောင်စီရိက္ခာယာဉ်တန်းတစ်ရာကျော် ပေါက်မြို့နယ်ကိုရောက်နေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတွေတိမ်းရှောင်နေရ
- BVJ

- Aug 22
- 1 min read
BVJ/ဇော်_ ဩဂုတ် ၂၁၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူတပ်မ ၁၀၁ ကနေပို့ဆောင်တဲ့ စစ်ကောင်စီရိက္ခာယာဉ်တန်းဟာ မနေ့ဩဂုတ်လ ၂၀ ရက်နေ့မှာ ပေါက်မြို့နယ် ကပစ-၂၄(ကာကွယ်ရေးပစ္စည်းစက်ရုံ)ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ပခုက္ကူတပ်မ ၁၀၁ ကနေ ပြီးခဲ့တဲ့ မေလကုန်ပိုင်းထဲကထွက်ခွာလာတဲ့ စစ်ကောင်စီရိက္ခာတန်းဟာ ၄၇ မိုင်ခန့်သာဝေးတဲ့ ပေါက်မြို့နယ်ရှိ ကပစကို သုံးလနီးပါးအကြာမှသာရောက်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အင်အားအများအပြားနဲ့ ရိက္ခာကား (၁၀၀) ကျော်ပါခဲ့တယ်လို့ သိရပါတယ်။
“ရိက္ခာကားအစီးရေ (၁၂၀) ကျော်ပါတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီအင်အား (၁၀၀၀) ကျော်နဲ့ ထွက်လာပေမယ့် အခုနှစ်ရာကျော်ခန့်သာကျန်ပါတော့တယ်လို့လည်းသိရပါတယ်။ လမ်းတလျှောက် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရိက္ခာတန်း ထိတွေ့တိုက်ပွဲတွေရှိခဲ့ပါတယ်။ အခု စစ်ကောင်စီရိက္ခာတန်းက ပေါက်မြို့ထဲက ကပစ ၂၄ ကို မနေ့နေ့လယ် ၁၂ နာရီလောက်မှာ ရောက်သွားတယ်လို့ သိရပါတယ်။
ပေါက်နဲ့ ကပစ-၂၄ လမ်းပိုင်းမှာလည်း ကားတွေရှိနေပါတယ်” လို့ ဒေသတွင်းအခြေအနေတွေကိုရေး သားဖော်ပြနေတဲ့ Pakokku District Newsက တာဝန်ရှိသူ Hawk က Burma VJ ကို ပြောပါတယ်။
စစ်ကောင်စီရိက္ခာယာဉ်တန်း ပေါက်မြို့နယ်ကိုရောက်ပြီးနောက်မှာ လက်နက်ကြီးပစ်ခတ်တာတွေရှိနေတဲ့အပြင် ဒေသခံပြည်သူတွေကို ဖမ်းဆီးတာတွေနဲ့ ရွာလုံးကျွတ်ရှောင်နေရတဲ့ အခြေအနေတွေရှိနေတယ်လို့လည်း သိရပါတယ်။
“ရေယာဉ်ရွာက ပြည်သူနှစ်ဦးဖမ်းဆီးခံရပါတယ်။ စစ်ကြောင်းနဲ့တွေ့တာကြောင့် ဖမ်းခံရတယ်လို့ ယူဆရပါတယ်ဗျ။ လက်ရှိမှာတော့ ၁၀ ရွာလောက် ရွာလုံးကျွတ်ရှောင်နေရတာတွေ ရှိပါတယ်။ မနေ့ညက ပေါက် ကပစ ၂၄ ကနေ ဟောင်ဝှစ်ဇာ နှစ်လုံး အရှေ့မြောက်အရပ်ကို ထုခဲ့ပါတယ်။ မနေ့ညကပစ်တာ ဒေသခံထိခိုက်သေဆုံးတာတော့ မရှိခဲ့ပါဘူး။၁၉ ရက်နေ့ကတော့ ပေါက်မြို့ ဘောလုံးကွင်းကနေ အတွဲလိုက်ပစ် ရော့ကတ် ၁၂၂ MM MLRS နဲ့ အရှေ့မြောက်အရပ်ကို ပစ်ခတ်ခဲ့သေးတယ်” လို့ Hawkကပြောပါတယ်။
ကားအစီးရေ (၁၀၀) ကျော်ပါတဲ့ ရိက္ခာယာဉ်တန်းဟာ စစ်ကောင်စီစစ်ကြောင်းတွေ၊ ရဲအထူးကွန်မန်ဒိုစစ်ကြောင်းတွေ အနီးကပ်လုံခြုံရေးလိုက်ပါလာတာဖြစ်ပြီး လမ်းတလျောက် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတာကြောင့် ၈၄ ရက်အကြာမှသာ ပေါက်မြို့နယ်ကိုရောက်ရှိခဲ့ကြောင်းကို စစ်အုပ်စုထောက်ခံချန်နယ်တွေမှာ ဖော်ပြထားကြပါသေးတယ်။







Comments