မကွေးမှာ NUGတပ်နဲ့ဒေသတပ်ဖွဲ့တွေကြား သဘာဝသယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခဖြစ်ပေါ်နေ
- BVJ

- 1 day ago
- 1 min read
မိုနာ/BVJ_ဧပြီ ၁၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်ပွားနေတာကြောင့် လက်နက်နဲ့မဖြေရှင်းဘဲညှိနှိုင်းဖြေရှင်းဖို့ကို ဒေသတွင်းအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။
ပခုက္ကူခရိုင်အတွင်းက ရေနံတွင်းနဲ့ရေနံမှော်တွေရှိရာဒေသကို NUG၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်က PDF ရဲဘော်တွေကအင်အားအလုံးအရင်းနဲ့ ပြီးခဲ့တဲ့ မတ်လ ၃၀ရက်က ဝင်ရောက်လာတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုတွေဖြစ်ပေါ်နေတာလို့ ဒေသတွင်းက စုံစမ်းသိရှိရပါတယ်။
“PDFတွေအင်အား နှစ်ရာကျော်၊သုံးရာလောက်ရှိတယ်။ ပခုက္ကူခရိုင်ထဲက သယံဇာတထွက်တဲ့နေရာကို ရောက်လာတာပေါ့လေ။ အဲ့လိုရောက်လာတော့ ဒေသတပ်ဖွဲ့တွေနဲ့ဆိုင်နေကြတာ။ အခု ဒေသခံပြည်သူတွေလည်း ရှောင်နေကြတယ်”လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
လက်ရှိမှာတော့ ဒီလိုတင်းမာမှုအခြေအနေတွေကို ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရနဲ့ NUGတို့ကြားညှိနှိုင်းဖို့ကြိုးစားနေတယ်လို့လည်း သိရပါတယ်။
ပခုက္ကူဒေသတွင်းလက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မြိုင်ပကဖကတော့ ထုတ်ပြန်တာမျိုးမရှိသေးပေမယ့် “လက်နက်နှင့်ပဋိပက္ခမဖြစ်စေရန်အတွက် ကြိုတင်ဆောင်ရွက်ထားရှိရန် အကြောင်းကြားခြင်း”ဆိုပြီး မတ်လ ၃၀ရက်မှာထုတ်ပြန်လာပါတယ်။
အဲ့ဒီစာထဲမှာ မြိုင်မြို့နယ်တွင်းနဲ့အခြားထိစပ်မြို့နယ်တွေမှာ မလိုလားအပ်တဲ့အကြောင်းချင်းရာတွေဖြစ်ပွားနေတဲ့အတွက် မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်မဆို အခုထုတ်တဲ့စည်းကမ်းတွေကိုလိုက်နာရမယ်လို့ ပါရှိပါတယ်။
ထုတ်ပြန်ထားတဲ့စည်းကမ်းတွေထဲမှာ စစ်ကောင်စီစစ်ကြောင်း(သို့)လှုပ်ရှားမှုမရှိဘဲ လက်နက်ကိုင်မသွားလာဖို့၊ ကျေးရွာ(သို့)ဇုန်၊တိုက်နယ်တွေက စစ်ဆေးရင်ကြည်ဖြူစွာလက်ခံဖို့၊ ထိစပ်မြို့နယ်တွေမှာ လှုပ်ရှားသယ်ဆောင်လာတဲ့ လက်နက်၊ခဲယမ်းတွေကိုစစ်ဆေးရင် မည်သူမဆိုကြည်ဖြူစွာလက်ခံဖို့နဲ့ ပြေပြစ်ချေငံတဲ့သဘောမရှိရင် ပစ်ခတ်တိုက်ခြင်းကိုအသုံးပြုသွားဖို့၊ ကုန်သွယ်စီးဆင်းမှုလမ်းကြောင်းတွေအတွက် ဒေသအာဏာပိုင်တွေကိုသတင်းမပို့ဘဲ မည်သူ့ကိုမှဖြတ်သန်းသွားလာခွင့်မပြုဖို့နဲ့ လိုအပ်ရင် သူတို့အသုံးပြုတဲ့ အချက်အချာကျတဲ့လမ်းပိုင်းတွေမှာ မိုင်းတခုမကျန်ချိတ်ဆက်ပြီး ပျက်ဆီးပျောက်ပျက်သွားအောင်အသုံးပြုဖို့ဆိုတာတွေ ပါဝင်ပါတယ်။
အခုထုတ်ပြန်ချက်ကိုမလိုက်နာရင် ကျန်ကိစ္စရပ်တွေကိုလည်း တာဝန်ယူဖြေရှင်းမှာမဟုတ်ကြောင်းနဲ့ မြို့နယ်တွင်းကျေးရွာတွေကလည်း တပ်တည်၊တပ်ဖြန့်လှုပ်ရှားမှုပုံဆောင်ရွက်ပြီး စစ်ဆေးရေးဂိတ်တွေပြန်လည်ဆောင်ရွက်သွားဖို့ဆိုပြီး မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ လက်ဝဲရဲ့ လက်မှတ်နဲ့ ညွှန်ကြားထားပါတယ်။

မြိုင်မြို့နယ်အတွင်း လက်ရှိ ပဋိပက္ခတွေအတွက် မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက်ကလည်း ဒီနေ့ ဧပြီ ၁ရက်မှာ သဘောထားထုတ်ပြန်လာပါတယ်။
အဲ့ဒီထဲမှာ လက်ရှိဒေသတွင်းမှာဖြစ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား တင်းမာတဲ့အခြေအနေကိုလက်နက်နဲ့ဖြေရှင်းခြင်းက ပဋိပက္ခကိုပိုကြီးထွားလာနိုင်ကြောင်းနဲ့ မည်သည့်ဘက်ကဖြစ်စေ လက်နက်နဲ့စတင်ဖြေရှင်း(ကျည် စ,ဖောက်)တာကို လုံးဝ လုံးဝ မလိုလားဘူးလို့ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီပဋိပက္ခတွေကို မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ဦးဆောင်ပြီး အလေးအနက်ထားဖြေရှင်းပေးဖို့နဲ့ နှစ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူပဲ ပခုက္ကူခရိုင်အတွင်းရှိ ရေနံထွက်ရှိရာဒေသတွေမှာဖြစ်ပါ်နေတဲ့ တင်းမာမူနဲ့ပတ်သက်ပြီး နှစ်ဖက်အမြန်ဆုံးဆွေးနွေးအဖြေရှာကြဖို့နဲ့ သက်ဆိုင်ရာဦးဆောင်အဖွဲ့တွေအချင်းချင်း အမြော်အမြင်ရှိရှိ စကားဝိုင်းမှာဆွေးနွေးအဖြေရှာကြဖို့ဆိုပြီး ပခုက္ကူခရိုင်အတွင်းက PDF တပ်ရင်း၊ ပညာရေး၊ ကျန်းမာရေး၊ CDM၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ဒေသခံတော်လှန်ရေးအင်အားစုအဖွဲ့အစည်း ၂၁ဖွဲ့က မနေ့က မတ်လ ၃၁ရက်ညပိုင်းမှာ ပူးတွဲကြေညာချက်ထုတ်ပြန်လာပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)၊ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် (CRMH)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)နဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (MFUIG)တို့ဆီလည်း အိတ်ပိတ်စာပေးပို့ထားပြီး ဒေသတွင်းအကျိုးနဲ့ညီညွတ်ရေးကိုရှေးရှုကာ အမြန်ဆုံးဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့ကို ၂၁ဖွဲ့က တိုက်တွန်းထားပါတယ်။




Comments