ထားဝယ်ဒေသ ပညာရေးနဲ့စစ်ရှောင်အရေးဆောင်ရွက်နေတဲ့ The Antsအဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ
- BVJ
- 1 day ago
- 1 min read
မိုနာ/BVJ_ဇူလိုင် ၂၁၊ ၂၀၂၆

တနင်္သာရီတိုင်း၊ထားဝယ်ဒေသတွင်း ကြားကာလပညာရေးနဲ့ စစ်ဘေးရှောင်အရေးတို့မှာ တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့ The Ants Humanitarian Aids Team ကအဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင်လူငယ်သုံးဦးဟာ စစ်အုပ်စုစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်းအဖွဲ့အစည်းတွေက သိရပါတယ်။
The Ants Humanitarian Aids Team ကအဖွဲ့ခေါင်းဆောင် ကိုအယ်သာ၊ အဖွဲ့ဝင် ကိုမြတ်သူနဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုလီယွန်တို့သုံးဦးဟာ ရေဖြူမြို့နယ်အတွင်းစစ်ရှောင်နေချိန်မှာ ထားဝယ်အထူးစီးပွားရေးဇုံကိုစစ်ကြောင်းထိုးဝင်လာတဲ့ စစ်အုပ်စုစစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ပြီး ဇူလိုင် ၉ရက်မှာအဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
မနေ့က ဇူလိုင် ၂၀ရက်မှာတော့ မြေပြင်သတင်းပေးပို့ချက်နဲ့ ဓါတ်ပုံမှတ်တမ်းတွေအရ ဖမ်းဆီးခံလိုက်ရတဲ့အဖွဲ့ဝင်သုံးဦးလုံး သတ်ဖြတ်ခံလိုက်ရတာကိုအတည်ပြုနိုင်ခဲ့တာဖြစ်တယ်လို့ MAGGA Initiativeအဖွဲ့ရဲ့ ဒီနေ့ ဇူလိုင် ၂၁ရက် ဝမ်းနည်းကြောင်းသဝဏ်လွှာမှာဖော်ပြပါတယ်။
"ကိုအယ်သာ၊ ကိုမြတ်သူနှင့်ကိုလီယွန်တို့သည် ထားဝယ်ဒေသအတွင်း ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးနှင့် ရပ်ရွာအရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကိစ္စများတွင် တက်ကြွစွာတစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသော အလားအလာရှိသော လူငယ်ခေါင်းဆောင်များဖြစ်သည်"လို့ MAGGA Initiativeကပြောထားပါတယ်။

အခုလို မတရားသဖြင့်ဖမ်းဆီးညှင်းပန်းသတ်ဖြတ်ခံလိုက်ရတဲ့အပေါ် ကျန်ရစ်သူမိသားစုဝင်တွေ၊ အဖွဲ့ဝင်တွေအနဲ့အတူ ဝမ်းနည်းရကြောင်းကိုလည်းဖော်ပြထားပါတယ်။
ထားဝယ်ဒေသခံတစ်ဦးကတော့ စစ်အုပ်စုစစ်ကြောင်းဝင်ကထဲက သူတို့သုံးဦးပျောက်ဆုံးသွားတာဖြစ်ပြီး မနေ့ကဇူလိုင် ၂၀ရက်မှာမှ ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်းတွေကိုပြန်လည်တွေ့ရှိရတာဖြစ်တယ်လို့ Burma VJကိုပြောပါတယ်။
ဇူလိုင်လ ၇ နေ့ကစပြီး စစ်အုပ်စုစစ်ကြောင်းတွေဟာ ထားဝယ်အထူးစီးပွားရေးဇုန်ရှိကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နီးစပ်ရာကျေးရွာတွေကိုစစ်ဘေးတိမ်းရှောင်ကြရပြီး ကိုအသာ(အယ်သာ) ၊ကိုမြတ်သူ၊ကိုလီယိုတို့နေထိုင်တဲ့ရွာကလည်း ဇူလိုင် ၈ ရက်နေ့မှာအထူးစီးပွားရေးဇုန်ဘက်ကနေ နတ်တွင်းကျေးရွာဘက်ကိုတိမ်းရှောင်ထွက်ခွာခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် (၉) ရက်နေ့မှာတော့ စစ်အုပ်စုတပ်နဲ့ထိပ်တိုက်တွေ့ပြီး ကားသမားအပါအဝင် အခြားခရီးသည်တွေပါဖမ်းဆီးခံခဲ့ရပြီး ဖမ်းခံရသူတွေထဲကအမျိုးသမီးတွေကတော့ပြန်လွတ်မြောက်လာခဲ့ပေမယ့် ကိုအသာ၊ ကိုမြတ်သူ၊ ကိုလီယိုတို့(၃)ဦးကိုဆက်လက်ဖမ်းဆီးထားတာဖြစ်တယ်လို့ MAGGA Initiativeအဖွဲ့က ဒါရိုက်တာဆုဆုက Burma VJကိုပြောပါတယ်။

ဇူလိုင် ၂၀ရက်မှာလိုက်လံရှာဖွေရာမှာတော့ နဘုလယ်ဒေသ၊ ဧကနိကျေးရွာမှာ သူတို့သုံးဦးရဲ့အလောင်းကို ခန္ဓာကိုယ်၊ဦးခေါင်း၊ပုပ်ဆွေးပျက်စီးမှုတွေနဲ့အတူတွေ့ရတာဖြစ်ပြီး မှတ်ပုံတင်၊ အ၀တ်အစားတွေအရ သူတို့သုံးဦးဖြစ်ကြောင်းအတည်ပြုခဲ့နိုင်တာလို့ ဒါရိုက်တာဆုဆုကပြောပါတယ်။ခန့်မှန်းချက်အရ ကိုအသာတို့သုံးဦးကို လွန်ခဲ့တဲ့ ၄၊၅ရက်ထဲကသတ်ပစ်ထားခဲ့တာလို့လည်းပြောပါတယ်။
MAGGA Initiativeဟာ တနင်္သာရီအခြေစိုက် အရပ်ဖက်လူထုအဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူမှုရေးနဲ့သဘာဝပတ်ဝန်းကျင် တရားမျှတမှုအတွက် တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
The Ants (Humanitarian Aid Team-Tanintharyi) အဖွဲ့ဝင်လူငယ်တွေဟာ MAGGA Initiativeရဲ့ ဒီမိုကရေစီနဲ့နိုင်ငံသားပညာရေးသင်တန်းအစီအစဥ်ရဲ့ ၂၀၂၄ခုနှစ်၊ သင်တန်းသား/သူတွေဖြစ်ကြပြီး ထားဝယ်ဒေသရဲ့ကြားကာလပညာရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို လက်တွဲလုပ်ဆောင်နေတဲ့ အရပ်သား စေတနာလုပ်သားလူငယ်တွေဖြစ်တယ်လို့ MAGGA Initiativeအဖွဲ့က Burma VJကိုပြောပါတယ်။
