သထုံဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့KNLAတိုက်ပွဲဖြစ်ပြီး ၅ ယောက်ကျဆုံး
- BVJ

- 3 hours ago
- 1 min read
ထိုင်းပစ္စည်းသယ်လာတဲ့ကုန်ကားနှစ်စီးကို စစ်အုပ်စုမီးရှို့
ယူဂရင်း/BVJ_ဇူလိုင် ၂၂၊ ၂၀၂၆

ကော်သူးလေအုပ်ချုပ်နယ်မြေဖြစ်တဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ဒေါရပ်ကျေးရွာအုပ်စု တက်တူကုန်းကျေးရွာနဲ့ ကဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာအနီးကို စစ်အုပ်စုဘက် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ခလရ (၈)၊ ပျူစောထီးအဖွဲ့နဲ့ အမှတ် (၃၁၄) အမြောက်တပ်ရင်းတို့က ပူးပေါင်းအင်အား (၁၀၀) ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUဗဟိုကဒီနေ့ ဇူလိုင် ၂၂ရက်မှာပါတယ်။
စစ်အုပ်စုရဲ့ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေဟာ ဇူလိုင် ၅ရက် မနက် ၇း၃၀မှာတစ်ကြိမ်၊ ဇူလိုင် ၆ရက် နေ့လယ်နှစ်နာရီမှာတစ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ၅ယောက်သေဆုံးကာ ၉ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNUထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တိုက်ပွဲအတွင်း KNLAဘက်ကကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
KNUထုတ်ပြန်ချက်အရ အဲ့ဒီတိုက်ပွဲမှာအထိနာခဲ့တဲ့ စစ်အုပ်စုဟာ ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အရပ်သားပြည်သူတွေရဲ့ ကုန်ပစ္စည်းတွေနဲ့ မော်တော်ယာဉ်တွေကိုသိမ်းယူခဲ့ပြီး၊ ကုန်ပစ္စည်းအချို့နဲ့ကုန်တင်ယာဉ် (၂) စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ တက်တူကုန်းကျေးရွာနဲ့ ကြက်ခြေခတ်ကျေးရွာအကြားရှိ စေတီတော်မုခ်ဦးနားက အရပ်သားပြည်သူတွေ နေထိုင်နေတဲ့နေအိမ်တွေကိုလည်းဖောက်ထွင်းပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေယူဆောင်ကာ နေအိမ် (၆) လုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ တက်တူကုန်းကျေးရွာက နန်းမိုးမိုးကုန်စုံဆိုင်ကနေ ကုန်ပစ္စည်းတွေကိုလည်းယူဆောင်သွားခဲ့ကြောင်းနဲ့ ထိုင်းနိုင်ငံကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ယာဉ်မောင်းနဲ့ တက်တူကုန်းကျေးရွာက ခွန်ထက်ဦးတို့ကိုလည်းဖမ်းဆီးခေါ်ဆောင်ပြီး ရိုက်နှက်ညှဉ်းပန်းခဲ့သလို အခုချိန်ထိလည်းပြန်မလွတ်လာသေးဘူးလို့ KNUကပြောထားပါတယ်။
လက်ရှိအချိန်ထိလည်း ဒေသတွင်းစစ်ကြောင်းထိုးလှုပ်ရှားမှုတွေနဲ့တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားတွေရဲ့ လုံခြုံရေးနဲ့ပိုင်ဆိုင်မှုတွေ စိုးရိမ်နေရတယ်လို့လည်းသိရပါတယ်။




Comments