မာဒူရိုတို့ဇနီးမောင်နှံကို မန်ဟက်တန်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေး
- BVJ

- Jan 6
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၆၊ ၂၀၂၆

အမေရိကန်အစိုးရကဖမ်းဆီးထားတဲ့ ဗန်နီဇွဲလားသမ္မတ မာဒူရိုကို နယူးယောက်မြို့ မန်ဟန်တန်တရားရုံးမှာ တနင်္လာနေ့ကပထမဆုံးရုံးထုတ်စစ်ဆေးခဲ့ပါတယ်။မိနစ်လေးဆယ်ကြာ ပထမဆုံးတရားရုံးထုတ်စစ်ဆေးမှုအတွင်း မာဒူရိုနဲ့ဇနီးဆီလီယာ ဖလောရက်စ်တို့က မူးယစ်ဆေးဝါးနဲ့လက်နက်စွဲချက်တွေမှာ သူတို့မှာအပြစ်မရှိကြောင်း လျှောက်လဲချေပခဲ့ကြပါတယ်။
မာဒူရိုတို့လင်မယားတရားရုံးထဲရောက်ပြီး မိနစ်အနည်းငယ်အကြာမှာ တရားသူကြီး အယ်လ်ဗင်ဟယ်လာစတိန်းက တရားစွဲဆိုမှုစတင်နိုင်ဖို့ တရားရုံးထုံးစံအတိုင်းမေးမြန်းအတည်ပြုတာကို မာဒူရိုက အခုလိုတုန့်ပြန်ဖြေကြားပါတယ်။
"ကျွန်တော်က နီကိုလတ်စ် မာဒူရိုပါ။ ဗင်နီဇွဲလားသမ္မတနိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက ပြန်ပေးဆွဲခံထားရတဲ့သူပါ" လို့ တရားရုံးအတွက်စကားပြန်တစ်ဦး ဘာသာပြန်ပေးမှုမပြုမီမှာ တည်ငြိမ်တဲ့စပိန်ဘာသာစကားနဲ့ တရားရုံးရဲ့မေးမြန်းမှုကို ပြန်ဖြေကြားခဲ့ပါတယ်။
မိနစ်လေးဆယ်ကြာရုံးထုတ်စစ်ဆေးမှုအတွင်း နီကိုလတ်စ် မာဒူရိုနဲ့သူ့ဇနီး နှစ်ဦးလုံးက သူတို့မှာအပြစ်မရှိကြောင်း လျှောက်လဲခဲ့ကြပါတယ်။
"ကျွန်တော့်မှာအပြစ်မရှိဘူး။ ကျွန်တော်ဟာ ကျွန်တော့်နိုင်ငံရဲ့ သမ္မတဖြစ်နေတုန်းပါ"လို့ တရားသူကြီးရဲ့မေးမြန်းတာကို မာဒူရိုက စကားပြန်ကတဆင့် ဖြေကြားခဲ့ပါတယ်။ သူ့ဇနီး ဆီလီယာ ဖလောရက်စ်ကလည်းသူ့လိုပဲ "အပြစ်မရှိကြောင်း လုံးဝအပြစ်ကင်းပါတယ်”လို့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေကြားခဲ့ပါတယ်။

အသက် ၆၃ နှစ် မာဒူရိုနဲ့သူ့ရဲ့ဇနီးသည်တို့ကို စနေနေ့က ဗင်နီဇွဲလားနိုင်ငံရှိသူတို့ခြံဝင်းထဲကနေ အမေရိကန်အထူးတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးနောက် နယူးယောက်က အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားပါတယ်။ တရားရုံးကိုရောက်လာတဲ့အချိန်မှာ မာဒူရိုတို့ဇနီးမောင်နှံနှစ်ဦးလုံးဟာ လိမ္မော်ရောင်အင်္ကျီနဲ့ ကာကီဘောင်းဘီတွေဝတ်ဆင်ထားပါတယ်။ တရားရုံးမှာစစ်ဆေးမေးမြန်းတာကိုနားထောင်ဖို့ စပိန်ဘာသာပြန်ဆိုပေးတဲ့နားကြပ်တွေတပ်ဆင်ပေးထားပြီး သူတို့နှစ်ယောက်ကြားမှာ ရှေ့နေတစ်ဦးထိုင်နေပါတယ်။တရားရုံးကစစ်ဆေးမှုတွေကို မာဒူရိုက အဝါရောင်စာရွက်ပေါ်မှာ ဂရုတစိုက်မှတ်စုတွေရေးခဲ့ပြီး ရုံးချိန်းအပြီးမှာအဲ့ဒီမှတ်ထားတဲ့စာရွက်ယူသွားဖို့ တရားသူကြီးဆီကခွင့်တောင်းခဲ့ပါတယ်။
ဖက်ဒရယ်တရားရုံးထဲ မာဒူရိုဝင်လာတဲ့အချိန် ပရိသတ်တွေဘက်လှည့်ပြီး ခေါင်းတစ်ချက်ညိတ်ပြခဲ့ပါတယ်။တရားရုံးစစ်ဆေးမှုတလျှောက်လုံးကို မာဒူရိုက ခံစားချက်မဲ့တဲ့ပုံစံမျိုးနဲ့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ခဲ့ပြီး ပရိသတ်တွေထဲက အမျိုးသားတစ်ယောက်က ရာဇဝတ်မှုတွေအတွက်"ပေးဆပ်ရမယ်"လို့ ရုတ်တရက်အော်လိုက်တဲ့အချိန်မှာလည်း "ငါက သမ္မတတစ်ယောက်၊အခုစစ်သုံ့ပန်းဖြစ်နေပြီ"လို့ စပိန်ဘာသာစကားနဲ့ အဲ့ဒီလူကိုပြန်အော်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာ အဲ့ဒီလူကိုလုံခြုံရေးတွေက တရားရုံးထဲကဆွဲထုတ်သွား ပါတယ်။
မာဒူရိုနဲ့သူ့ဇနီးက တရားရုံးမှာအာမခံမတောင်းခံပေမယ့် နောက်ပိုင်းရက်တွေမှာလည်း အာမခံလျှောက်ထားနိုင်တာကြောင့် သူတို့နှစ်ဦးလုံးဟာ နယူးယောက်ဖက်ဒရယ်တရားရုံးရဲ့ ချုပ်နှောင်မှုအောက်မှာဆက်ရှိနေမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရက မာဒူရိုကိုမူးယစ်ဆေးဝါးအကြမ်းဖက်မှု၊ ပူးပေါင်းကြံစည်မှု၊ ကိုကင်းတင်သွင်းမှု၊ လက်နက်မှုတွေနဲ့တရားစွဲဆိုထားပါတယ်။ မာဒူရိုကိုသူ့ရဲ့ဇနီး၊သားနဲ့အခြားသူများစွာနဲ့အတူ တရားစွဲဆိုထားတာဖြစ်ပါတယ်။ မာဒူရိုကိုတရားစွဲထားတဲ့ နောက်ထပ်တရားရုံးကြားနာမှုကို မတ်လ ၁၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ စီစဥ်ထားပါတယ်။







Comments