PDF တပ်ဖွဲ့တွေကို စစ်ကောင်စီဖိတ်ခေါ်မှုဟာ သွေးခွဲတဲ့နည်းလို့ NUG ပြော
- Zayar Oo
- Jul 5, 2025
- 1 min read
BVJ _ ဇူလိုင် ၅ ၊ ၂၀၂၅

ပီဒီအက်ဖ်တွေကို ပြည်ထောင်စု တည်ဆောက်ဖို့ဆိုပြီး ဖိတ်ခေါ်လာတဲ့ စစ်ကောင်စီရဲ့ ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ဟာ CRPH/NUG နဲ့ PDF တို့အကြား သွေးခွဲလုပ်ဆောင်မှုတစ်ခုသာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောလိုက်ပါတယ်။
ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်လိုတဲ့ PDF အမည်ခံ လက်နက်ကိုင်အုပ်စုတွေအနေနဲ့ သူတို့နဲ့အတူရပ်တည်ပြီး လာရောက်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်လာခြင်းကို NUG ဘက်က တုံ့ပြန်လိုက်တဲ့သဘောပါ။
“လူထုဆန္ဒနဲ့အညီပေါ်ပေါက်လာတဲ့ တရားဝင်လွှတ်တော် (CRPH) နဲ့ တရားဝင်အစိုးရ (NUG) တို့ကို တိုက်ခိုက်ပြီးတော့ ပြည်သူနဲ့ သွေးခွဲတယ်၊ PDF တွေနဲ့ သွေးခွဲတယ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ သွေးခွဲတယ်ဆိုတဲ့ကိစ္စတွေက ဒီအကြမ်းဖက်စစ်တပ် တောက်လျှောက်လုပ်နေတဲ့လုပ်ရပ်တွေ ဖြစ်ပါတယ်။ အခုတစ်လောက်လည်း ဒါက အကြမ်းဖက်စစ်တပ်ရဲ့နည်းဗျူဟာတစ်ခုလို့ပဲ ပြောရမယ်၊ PDF တွေနဲ့ ၊ CRPH နဲ့ NUG တို့ကို သွေးခွဲတဲ့နည်းဗျူဟာတစ်ခုလို့ပဲ ပြောလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
CRPH နဲ့ NUG ဟာ ၂၀၂၀ ရွေးကောက်ပွဲ လူထုဆန္ဒအရ၊ လူထုဆန္ဒမဲတွေနဲ့အညီ ပေါ်ပေါက်လာတဲ့ မြန်မာနိုင်ငံရဲ့တရားဝင် ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားဝင်အုပ်ချုပ်ရေးမဏ္ဍိုင်တို့ဖြစ်တာကို စစ်ကောင်စီက လက်မခံဘဲ တရားမဝင် ရွေးကောက်ပွဲအတုအယောင်ပြုလုပ်ဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး ဒါဟာ အရင်စစ်အစိုးရအဆက်ဆက် အသုံးပြုခဲ့တဲ့နည်းလမ်းဟောင်းတစ်ခုသာဖြစ်ပြီး အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်လိုပါက စစ်ကောင်စီအနေနဲ့ နိုင်ငံရေးကနေ စွန့်ခွာဖို့ လိုအပ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ NUG ၊ EAOs နဲ့ အခြားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေက ပြောထားပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၆ ရက်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေနဲ့ PDF တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ကိုလည်း စစ်ကောင်စီ က ဖိတ်ခေါ်ခဲ့ပါသေးတယ်။



Comments