စစ်တပ်နဲ့ပေါင်းသွားတဲ့ဦးဂူဆီးတပ်ဖွဲ့ လီဆူပြည်သူလူထုကိုကိုယ်စားမပြုဟု လီဆူအဖွဲ့အစည်းတွေသဘောထားထုတ်ပြန်

မိုနာ/BVJ_နိုဝင်ဘာ ၁၁၊ ၂၀၂၆

မိုးကုတ်မြို့နယ်က ဦးဂူဆီးဦးဆောင်တဲ့အင်အား ၅၀ ခန့်ရှိ လီဆူတပ်ဖွဲ့ အာဏာသိမ်းစစ်တပ်နဲ့ဆီလက်နက်ချပူးပေါင်းသွားတာဟာ သူတို့ရဲ့ရွေးချယ်မှုဖြစ်ပြီး လီဆူပြည်သူလူထုကိုကိုယ်စားမပြုဘူးလို့ လီဆူလူငယ်အစည်းအရုံး - LYC၊ လီဆူအမျိုးသမီးများအဖွဲ့-LSWOနဲ့ ရှမ်းပြည်နယ်က လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်ခင်ဆန်းမြင့်တို့က ဒီနေ့ နိုဝင်ဘာ ၁၁ရက်မှာသဘောထားထုတ်ပြန်ပါတယ်။
သဘောထားထုတ်ပြန်ချက်ထဲမှာ ဦးဂူဆီးဦးဆောင်တဲ့တပ်ဖွဲ့က မိုးကုတ်မြို့နယ်အတွင်း လီဆူလူမျိုး အရပ်သားပြည်သူတွေကို မတရားဖမ်းဆီးကာ ပေါ်တာဆွဲ တပ်သားအင်အားစုဆောင်းနေမှုကို အပြင်းအထန် ကန့်ကွက်ရှုတ်ချလည်း ပြောထားပါတယ်။
ပြီးတော့ စစ်အုပ်စုရဲ့ လူမျိုးရေးအရသွေးခွဲသပ်လျှိုမှုတွေကို လီဆူပြည်သူလူထုတရပ်လုံးအနေနဲ့သတိကြီးစွာထားပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးနဲ့ လူနည်းစုလူမျိုးစုတွေအပါအဝင် လူမျိုးစုတွေရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ တန်းတူရေးကို အပြည့်အဝအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကျရာအခန်းကဏ္ဍမှာ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ကိုလည်း သဘောထားထုတ်ပြန်တဲ့အဖွဲ့တွေနဲ့ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးက တိုက်တွန်းထားပါတယ်။

အခုစစ်တပ်ဆီလက်နက်ချပူးပေါင်းသွားတဲ့ လီဆူတပ်ဖွဲ့ကိုဂူဆီးဦးဆောင်တာဖြစ်ပြီး သူတို့ဟာ မိုးကုတ်၊မိုးမိတ်မြို့တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ပူးပေါင်းတပ်တွေ ၁၀၂၇စစ်ဆင်ရေးကာလအတွင်း တိုက်ခိုက်သိမ်းပိုက်ချိန်မှာ မိုးကုတ်မြို့လုံခြုံရေးအတွက် ပူးပေါင်းလာခဲ့သူတွေဖြစ်တယ်လို့ TNLAက ပြီးခဲ့တဲ့လ အောက်တိုဘာ ၁၉ရက်မှာကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ မိုးကုတ်မြို့မှာ TNLAတပ်ဖွဲ့ဝင် ၂၀၀ ဦးဟာ လက်နက် ၉၀လောက်နဲ့အတူပူးပေါင်းလာတယ်ဆိုပြီး မနေ့က နိုဝင်ဘာ ၁၀ရက်မှာ ကြိုဆိုပွဲအခမ်းအနားပြုလုပ် ထုတ်ပြခဲ့ကြပါတယ်။ အခုပူးပေါင်းလာတဲ့တပ်ဖွဲ့ဝင် ၂၀၀ ဟာလည်း စစ်တပ်နဲ့ပူးပေါင်းပြီး မြို့ကာကွယ်ရေးဆက်လုပ်သွားမယ်လို့ ဆိုထားပါတယ်။
နှစ်ဘက်ထုတ်ပြန်ချက် လူဦးရေကွာခြားနေတဲ့အပေါ် မိုးကုတ်မြို့ ဒေသခံတွေက စစ်တပ်ဆီ လက်နက်ချပြီးတကယ်ပူးပေါင်းသွားတဲ့အရေအတွက်ဟာ ၅၀ ခန့်သာရှိပြီး အခုစစ်တပ်ကထုတ်ပြန်တဲ့ ၂၀၀ ဆိုတဲ့လူဦးရေဟာ ဦးဂူဆီးတပ်ဖွဲ့က မိုးကုတ်မြို့တွင်းမှာ အတင်းအဓမ္မပေါ် တာဆွဲဖမ်းဆီးပြီး ပါသွားသူတွေလည်းပါဝင်တယ်လို့ ပြောထားကြပါတယ်။




Comments