ကလေးစစ်သား ၄၀၀ ကျော်ကို မြန်မာစစ်တပ်က အသုံးပြုခဲ့တယ်လို့ ကုလစွပ်စွဲချက်ကို စစ်ကောင်စီ တုံ့ပြန်
- BVJ

- Jul 4
- 1 min read
BVJ _ ဇူလိုင် ၄ ၊ ၂၀၂၅

အရွယ်မရောက်သေးတဲ့ ကလေးသူငယ် ၄၀၀ ကျော်ကို မြန်မာစစ်တပ်နဲ့ မဟာမိတ်အဖွဲ့တွေက လက်နက်ကိုင်ပဋိပက္ခအတွင်း အသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်မှုအပေါ် စစ်ကောင်စီက ဒီနေ့ ဇူလိုင် ၄ ရက်မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ဟာ အချက်အလက် စိစစ်ထားတာမျိုးမရှိဘဲ လွဲမှားစွာဖော်ပြထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
မြန်မာနိုင်ငံထဲက လက်နက်ကိုင်ပဋိပက္ခတွေအတွင်းမှာ ကလေးစစ်သားပေါင်း ၄၈၂ ဦးကို မြန်မာစစ်တပ်၊ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကလေးသူငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခအစီရင်ခံစာကို ပြီးခဲ့တဲ့ ဇွန် ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာပါတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဇွန် ၂၅ နဲ့ ၂၆ ရက်မှာကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးဖွင့်အစည်းအဝေးမှာ ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်၊ ရိုဟင်ဂျာကယ်ဆယ်ရေးအဖွဲ့ (RSO) ၊ ရခိုင်-ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် (ARSA) ၊ မဟာမိတ်ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပျူစောထီးတပ်ဖွဲ့တွေက ကလေးစစ်သား ၄၀၀ ဦး အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၈၂ ဦး အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ အစီရင်ခံဟာ စနစ်တကျစိစစ်ထားတာမရှိဘဲ ကိန်းဂဏန်းအချက်အလက်တွေ လွဲမှားစွာ ဖော်ပြထားပြီး စစ်ကောင်စီက သူတို့ပေးပို့ထားတဲ့ သက်သေအထောက်အထား အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးတာ အတည်ပြုထားတာမျိုးမရှိဘဲ တစ်ဖက်သတ်စွပ်စွဲထားတာမျိုးသာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
မြန်မာစစ်ရေးပဋိက္ခအတွင်း မြန်မာစစ်တပ်နဲ့ မဟာမိတ်အဖွဲ့တွေအပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေက ကလေးသူငယ် ၁၇၆၂ ဦးအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ကလေးသူငယ် အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၁၃၈ ခုကို အတည်ပြုနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ချိုးဖောက်မှုပေါင်း ၁၂၁ ခုကိုလည်း အတည်ပြုထားနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။







Comments