ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ကိုဝေဖန်တဲ့ ဆိုရှယ်မီဒီယာပေါ်ကပို့စ်အောက်မှာ အသဲပေးမိတဲ့ ရုပ်ရှင်ဒါရိုက်တာနှစ်ဦး ဖမ်းဆီးခံရ
- BVJ

- Nov 3
- 1 min read
အေတီ/BVJ- နိုဝင်ဘာ ၁၊ ၂၀၂၅

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို လူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ ပိုစ့်တွေမှာ love react (အသဲ)ပေးမိတဲ့ ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ရုပ်ရှင်ဒါရိုက် အောင်ချမ်းလူတို့ဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူတို့နှစ်ဦးကို အောက်တိုဘာ၂၉ရက်နေ့မှာ အာဏာသိမ်းစစ်အုပ်စုက နေအိမ်တွေမှာသွားရောက်ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ၃၁ရက်ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ခေတ်သစ်မီဒီယာနဲ့ လူပုဂ္ဂိုလ်တွေက ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာတင်တဲ့ ပို့စ်တွေမှာအသဲသွားပေးကြတာကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးခဲ့ကြောင်း စစ်အုပ်စု သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ဟာ ခေတ်သစ်မီဒီယာနဲ့ ဒါရိုက်တာကိုပေါက်ရဲ့ ပို့စ်အောက်မှာ အသဲသွားပေးလို့ အဖမ်းခံရတာဖြစ်ပါတယ်။ ဒါရိုက်တာ အောင်ချမ်းလူကတော့ အဆိုတော်ရန်ရန်ချမ်းရဲ့ ပို့စ်အောက်မှာ အသဲသွားပေးတာနဲ့ ပို့စ်တစ်ခုတင်လို့ဖမ်းတာဖြစ်ကြောင်း ဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒါရိုက်တာအောင်ချမ်းလူတင်ထားတဲ့ ပို့စ်က ၂၀၂၁ခုနှစ်ကတင်ထားတဲ့ပို့ဖြစ်နေတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း အဲ့ဒီဝါဒဖြန့်ဇာတ်လမ်းကိုဝေဖန်တယ်ဆိုပြီး ဒါရိုက်တာမိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်အုပ်စုကဖမ်းထားပါတယ်။
အဲ့ဒါကြောင့် စစ်အုပ်စုရဲ့ဝါဒဖြန့်ချီရေး ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ ရုပ်ရှင်နဲ့ပတ်သက်ပြီး ရုပ်ရှင်ဒါရိုက်တာ ၃ ဦးနဲ့ သရုပ်ဆောင် ၂ ဦး၊ စုစုပေါင်း အနုပညာရှင် ၅ ဦးဖမ်းဆီးခံထားရပါတယ်။







Comments