ဖောက်ထွင်းမှုဖြစ်ပွားခဲ့တဲ့လုဗ်ပြတိုက် နောက်ဆုံးအခြေအနေ
- BVJ

- Oct 21
- 1 min read
အေတီ/BVJ - အောက်တိုဘာ ၂၀၊ ၂၀၂၅

တနင်္ဂနွေနေ့မှာဖောက်ထွင်းမှုဖြစ်ခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော်လုဗ်ပြတိုက်ကြီးကို ဒီနေ့ တနင်္လာနေ့မှာလည်းဆက်ပိတ်ထားပါတယ်။ရတနာပစ္စည်းတွေခိုးယူပြီးထွက်ပြေးသွားတဲ့ ဖောက်ထွင်းရေးသမားလေးဦး ဖမ်းမိနိုင်ရေးနဲ့ စုံစမ်းစစ်ဆေးမှုတွေမပြီးပြတ်သေးတဲ့အတွက် ပြတိုက်ကိုဆက်ပိတ်ထားရတာဖြစ်တယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့မနက် ဒေသစံတော်ချိန် ၉နာရီခွဲကျော်မှာ ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပြီး ဖောက်ထွင်းရေးသမား လေးဦးက စက်တပ်လှေကားပါတဲ့ကားကိုအသုံးပြု၊ စိန်းမြစ်ကမ်းဘက်ခြမ်းကနေ ပြတိုက်ပထမထပ်ပေါ်ရောက်အောက်တက်၊ မှန်ပြတင်းပေါက်တွေဖျက်ဆီးပြီး အဲ့ဒီကနေ Gallery of Apollo ပြခန်းထဲက အဖိုးမဖြတ်နိုင်တဲ့ ပြင်သစ်ရှေးဟောင်းလက်ဝတ်ရတနာ ၈ မျိုးကိုခိုးယူခဲ့တာဖြစ်ပါတယ်။
ဖောက်ထွင်းရေးသမားတွေခိုးယူသွားတဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဝတ်ရတနာရှစ်မျိုးထဲမှာ ၁၉ရာစုကနပိုလီယံဘုရင်က ဒုတိယမိဖုရား မာရီလူးဝ်စ် (Marie Louise) ကိုပေးခဲ့တဲ့ စိန်နဲ့မြလည်ဆွဲတစ်ခုပါဝင်ပါတယ်။ အခိုးခံရတဲ့ပစ္စည်းတွေအားလုံးဟာ ၁၉ရာစုခေတ်က ပြင်သစ်မင်းမျိုးမင်းနွယ်တွေ ဧကရစ်တွေ ပိုင်ဆိုင်ခဲ့တဲ့ပစ္စည်းတွေဖြစ်ပါတယ်။

ပြင်သစ်ဘုရင်နပိုလီယံရဲ့မိဘုရား Empress Eugénie ဝတ်ဆင်အသုံးပြုခဲ့တဲ့ သရဖူတစ်ခုအပါဝင် နောက်ထပ်ပစ္စည်းနှစ်ခုကတော့ ဖောက်ထွင်းရေးသမားတွေပြုတ်ကျကျန်ခဲ့တဲ့အတွက် အခင်းဖြစ်ပွားတဲ့အနီးကနေ ပြန်လည်ရရှိခဲ့ပါတယ်။
ဒီဖောက်ထွင်းမှုဟာ အတွေ့အကြုံရှိတဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကဦးဆောင်ခဲ့တာလို့ ရဲတပ်ဖွဲ့ကယူဆထားပြီး စုံစမ်းစစ်ဆေးရေးမှုး ၆၀ခန့်က တရားခံတွေအမြန်ဆုံးဖမ်းမိနိုင်ရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြတိုက်ထဲကို ဖောက်ထွင်းရေးသမားတွေဝင်ရောက်ခဲ့တဲ့အချိန်အပါအဝင် ပစ္စည်းတွေနဲ့အတူထွက်ပြေး လွတ်မြောက်တဲ့ချိန်အထိ စုစုပေါင်း အချိန် ၇ မိနစ်ပဲ ကြာမြင့်ခဲ့တယ်လို့ပြင်သစ်ရဲတပ်ဖွဲ့ကပြောပါတယ်။
ဖောက်ထွင်းရေးသမားတွေပစ္စည်းတွေယူပြီး အပြင်ပြန်ထွက်တဲ့အချိန်မှာ ပြတိုက်အပြင်ဘက်မှာရပ်ထားတဲ့ စက်လှေကားပါတဲ့ကားကို မီးရှို့ဖျက်စီးဖို့ကြိုးစားခဲ့ပေမယ့် ပြတိုက်ဝန်ထမ်းတစ်ဦးက တားဆီးခဲ့မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

ပြတိုက်ထဲကိုလွယ်လွယ်ကူကူဝင်ပြီး ဓားပြတိုက်သွားတဲ့ကိစ္စကို ပြင်သစ်အာဏာပိုင်တွေဘက်က စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ဖောက်ထွင်းရေးသမားတွေ ရတနာပစ္စည်းတွေဝင်ခိုးတဲ့အချိန် လုံခြုံရေးအချက်ပေးသံတွေ သေသေချာချာအလုပ်မလုပ်ခဲ့တဲ့အကြောင်းပြချက်ကိုလည်း စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းမှာ လုဗ်ပြတိုက်တာဝန်ရှိတဲ့သူတွေက ပြတိုက်ထဲကအိုဟောင်းနေတဲ့ပြခန်းတွေကို ပြန်လည်ပြုပြင်ဖို့နဲ့ အဲ့ဒီထဲကအနုပညာလက်ရာတွေကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့လုံခြုံရေးစနစ်တွေတပ်ဆင်ဖို့ ပြင်သစ်အစိုးရထံအကူအညီတောင်းခံခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလဲ လုဗ်ပြတိုက်ပြန်လည်ပြင်ဆင်မွန်းမံဖို့နဲ့ လုံခြုံရေးအစီအစဥ်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ၈၁၆သန်းကနေ သန်း၉၀၀ကျော်အထိအသုံးပြုမယ်လို့ ကတိပြုထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ကလုဗ်ပြတိုက်ကြီးဟာ ကမ္ဘာ့နာမည်အကြီးဆုံးပြတိုက်စာရင်းဝင်တစ်ခုဖြစ်ပြီး နှစ်စဉ်လူသန်းနဲ့ချီလာရောက်လည်ပတ်ကြည့်ရှုနေ ကြသလို စိတ်ဝင်စားစရာအခြားပစ္စည်းတွေနဲ့အတူ ကမ္ဘာကျော် မိုနာလီဆာပန်းချီကားကိုလည်း ပြသထားပါတယ်။







Comments