ထိုင်းနိုင်ငံတွင်းဆန္ဒပြပွဲတွေမှာ မြန်မာတွေမပါဝင်ဖို့ NUGတိုက်တွန်း
- BVJ

- Jul 4
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၂၊ ၂၀၂၅

ထိုင်းနိုင်ငံတွင်းအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေစုဝေးဆန္ဒပြတဲ့နေရာတွေကို ရှောင်ရှားကြဖို့၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်း မပြုကြဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGကတိုက်တွန်းကြောင်း ဒီနေ့ ဇူလိုင်၂ရက်မှာ ထုတ်ပြန်ပါတယ်။
မိမိတိုင်းပြည်အခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံမှာခိုလှုံနေရတဲ့အချိန်မှာ ခိုလှုံနေတဲ့နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ၊ လူမှုအသိုင်းအဝိုင်းတို့နဲ့ သဟဇာတဖြစ်အောင်နေထိုင်နိုင်ရေးကိုလည်း NUGက ဖော်ပြပါတယ်။
ထိုင်းဘုရင်၊အစိုးရ၊လွှတ်တော်၊ထိုင်းတပ်မတော်နဲ့ ထိုင်းပြည်သူလူထုကိုလည်း မြန်မာနိုင်ငံသားတွေကိုယ်စား NUGက ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံသားတွေဟာ စစ်အုပ်စုရဲ့ဖိနှိပ်ရက်စက်မှုတွေကြောင့်သာ ထွက်ပြေးခိုလှုံလာရတာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူမဟုတ်ကြောင်းနဲ့ စစ်အုပ်စုအာဏာသိမ်း အကြမ်းဖက်မှုကိုဖယ်ရှားပြီးရင် မြန်မာနိုင်ငံကိုပြန်နေထိုင်မယ့်သူတွေဖြစ်တယ်လို့ NUGက ပြောထားပါတယ်။
လက်ရှိယာယီနေထိုင်တဲ့ကာလမှာလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှုတွေကို လေးစားလိုက်နာပြီး သဟဇာတဖြစ်အောင် NUGကကြိုးစားဆောင်ရွက်နေ ကြောင်းနဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကို လူသားချင်းစာထောက်ထားပြီး ဆက်လက်ကူညီစောင့် ရှောက်ပေးဖို့ NUGက မေတ္တာရပ်ခံထားပါသေးတယ်။
ပြီးခဲ့တဲ့ဇွန်လ ၂၈ရက်က ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်နုတ်ထွက်ရေးအတွက် ထိုင်းပြည်သူတွေက ဘန်ကောက်မြို့မှာဆန္ဒပြနေချိန်မှာ ဆန္ဒပြပွဲအနီးသံသယရှိလို့ဆိုပြီး မြန်မာ ၇ယောက်နဲ့ ကမ္ဘောဒီးယား တစ်ယောက်ကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။







Comments