ထိုင်ဝမ်သမ္မတရဲ့ခရီးစဉ်ကိုတားဆီးဖို့ အာဖရိကနိုင်ငံတွေအပေါ် တရုတ်ရဲ့ ဖိအားပေးမှု အမေရိကန်ဝေဖန်ရှုံ့ချ
- BVJ

- Apr 23
- 1 min read
အေတီ/BVJ_ဧပြီ ၂၃၊ ၂၀၂၆

တရုတ်နိုင်ငံရဲ့ ဖိအားပေးတိုက်တွန်းချက်ကြောင့် အာဖရိကနိုင်ငံအချို့က ထိုင်ဝမ်သမ္မတရဲ့လေကြောင်းဖြတ်သန်းခွင့်ပြုချက်တွေကို ပြန်လည်ရုပ်သိမ်းခဲ့တဲ့အပေါ် ဝေဖန်ရှုံ့ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာထုတ်ပြန်ပါတယ်။ဒီကိစ္စဟာ နိုင်ငံတကာအရပ်ဘက်လေကြောင်းစနစ်ကို အလွဲသုံးစားလုပ်တာဖြစ်တယ်လို့လည်း အမေရိကန်ကဝေဖန်ထောက်ပြထားပါတယ်။
ထိုင်ဝမ်ရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အက်စ်ဝါတီနီ (Eswatini) နိုင်ငံကို သွားရောက်မယ့် ထိုင်ဝမ်သမ္မတလိုင်ချင်တေးရဲ့လေယာဉ်ကို သူတို့နိုင်ငံလေပိုင်နက်အတွင်းကဖြတ်သန်းခွင့်ပြုဖို့ မူလကစီစဥ်ထားတဲ့ဆေးရှဲလ် (Seychelles)၊ မောရစ်ရှ (Mauritius)နဲ့ မာဒါဂတ်စကာ (Madagascar)နိုင်ငံတို့က သူတို့ရဲ့ခွင့်ပြုချက်တွေကို တဖက်သတ်ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ထိုင်ဝမ်က အခုသီတင်းပတ်အတွင်းမှာပြောကြားခဲ့ပါတယ်။
လေပိုင်နက်ဖြတ်သန်းခွင့်ပိတ်ပင်ခံရမှုကြောင့် ထိုင်ဝမ်သမ္မတတစ်ဦးအနေနဲ့ ပြည်ပခရီးစဉ်တစ်ခုလုံးဖျက်သိမ်းလိုက်ရတာဟာ ဒီတစ်ကြိမ်ကပထမဆုံးအကြိမ်ဖြစ်ပါတယ်။ဒီလုပ်ရပ်ဟာ ထိုင်ဝမ်ရဲ့နိုင်ငံတကာဆက်ဆံရေးနယ်ပယ် ကျဉ်းမြောင်းစေဖို့လုပ်ဆောင်တဲ့ တရုတ်နိုင်ငံရဲ့ နည်းဗျူဟာသစ်တစ်ရပ်ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တုံ့ပြန်ချက်
ဒီနိုင်ငံတွေဟာ တရုတ်ရဲ့တိုက်တွန်းချက်အရ ထိုင်ဝမ်အရာရှိတွေရဲ့ပုံမှန်ခရီးသွားလာမှုဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာကိုနှောင့်ယှက်ဖျက်ဆီးနေတာဖြစ်ကြောင်း၊ နိုင်ငံတကာလေပိုင်နက်ကိုစီမံခန့်ခွဲရတဲ့ အဆိုပါနိုင်ငံတွေရဲ့ တာဝန်မှာ လေကြောင်းဘေးကင်းလုံခြုံရေးအတွက်သာဖြစ်ပြီး တရုတ်အစိုးရဲ့ နိုင်ငံရေးလက်နက်အဖြစ် အသုံးချမခံသင့်ကြောင်း၊ ဒီကိစ္စဟာထိုင်ဝမ်ကို ထောက်ခံသူတွေအပေါ် တရုတ်အစိုးရရဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့သာယာဝပြောမှုကို ခြိမ်းခြောက်နေတာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ ဆေးရှဲလ်၊ မာဒါဂတ်စကာနဲ့မောရစ်ရှနိုင်ငံတွေရဲ့ ကြွေးမြီလျှော့ပေါ့ပေးမှုကို ပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့ခြိမ်းခြောက်မှုအပြင် စီးပွားရေးပိတ်ဆို့မှုတွေနဲ့ဖိအားပေးခဲ့တယ်လို့ ထိုင်ဝမ်လုံခြုံရေးအဆင့်မြင့်အရာရှိတစ်ဦးရဲ့ ပြောကြားချက်အရသိရပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ရဲ့ စွပ်စွဲချက်ကိုငြင်းဆိုခဲ့ပေမယ့် အဆိုပါနိုင်ငံသုံးနိုင်ငံရဲ့ "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" (One-China Principle) အပေါ် ရပ်တည်ချက်နဲ့လုပ်ဆောင်ချက်တွေကို ချီးကျူးခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတသွားဖို့စီစဥ်ထားတဲ့ အက်စ်ဝါတီနီနိုင်ငံဟာ အာဖရိကတိုက်တောင်ပိုင်းကနိုင်ငံငယ်လေးဖြစ်ပြီး ထိုင်ဝမ်နဲ့တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ထားတဲ့ ကမ္ဘာ့ ၁၂ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတေး (Lai Ching-te)ဟာ အက်စ်ဝါတီနီ ဘုရင် Mswati III နန်းတက်တဲ့နှစ် ၄၀ ပြည့်နှစ်ပတ်လည် အခမ်းအနားတက်ရောက်ဖို့ ဗုဒ္ဓဟူးနေ့မှာ ထိုင်ဝမ်ကထွက်ခွာဖို့စီစဉ်ထားပါတယ်။
အမေရိကန်နိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံအကြား တရားဝင်သံတမန်ဆက်ဆံရေးမရှိပေမယ့် အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်နိုင်ငံရဲ့အကြီးဆုံး နိုင်ငံတကာထောက်ခံသူနဲ့ လက်နက်ပံ့ပိုးပေးသူဖြစ်ပါတယ်။ အခုဖြစ်ရပ်အပေါ် အမေရိကန်လွှတ်တော်အမတ်များစွာကလည်း တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကိုရှုတ်ချခဲ့ကြပြီး ထိုင်ဝမ်နဲ့အတူ ရပ်တည်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
ခရက်ဒစ်-ရိုက်တာ
ပုံစာ- ထိုင်ဝမ်သမ္မတ လိုင်ချင်းတေးဟာ ဗုဒ္ဓဟူးနေ့မှာအက်စ်ဝါတီနီနိုင်ငံငယ်လေးကိုသွားရောက်ဖို့ စီစဥ်ထားပေမယ့် အာဖရိကသုံးနိုင်ငံက လေကြောင်းဖြတ်သန်းခွင့်မပြုတဲ့အတွက် ခရီးစဥ်ဖျက်သိမ်းလိုက်ရပါတယ်။




Comments