မြောက်ဦးနဲ့ကျောက်တော်ဗုံးကြဲခံရပြီး စစ်ရှောင်မိသားစုလိုက်သေဆုံးမှုအပါအဝင် သေဆုံးသူ ၇ယောက်ရှိ
- BVJ

- Feb 13
- 1 min read
◼️ရခိုင်ကိုလေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတာကြောင့် ပြည်သူတွေသတိရှိကြဖို့ AAအသိပေး
----
ယူဂရင်း/BVJ_ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးနဲ့ကျောက်တော်မြို့တို့ကို မနေ့က ဖေဖော်ဝါရီ ၁၂ရက်၊ညကိုးနာရီကျော်အချိန်မှာ စစ်အုပ်စုက လေကြောင်းကနေ ဗုံး လေးလုံးကြဲချခဲ့တာကြောင့် အရပ်သား လသားကလေးငယ်အပါအဝင် ၇ဦးသေဆုံးပြီး ၁၆ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်-AAက ဒီနေ့ နေ့လယ်မှာထုတ်ပြန်ပါတယ်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး)ကို ၉နာရီ၁၁မိနစ်အချိန်မှာ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ၄ဦးသေဆုံးပြီး ၉နာရီမိနစ်၂၀အချိန်မှာတော့ မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက် စစ်ဘေးရှောင်တွေနေတဲ့နေရာကို လေကြောင်းကနေ ဗုံးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့တာကြောင့် နှစ်လသားကလေးငယ်နဲ့ မိဘနှစ်ယောက်လုံး နေရာမှာပဲပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူကလေးငယ်မိသားစုဟာ စစ်တွေမြို့ကနေ စစ်ရှောင်လာပြီး မြောက်ဦးမြို့မှာ လာရောက်နေထိုင်သူတွေလို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ဆယ်နှစ်အရွယ်ကလေးနဲ့ဆယ်ကျော်သက်လူငယ်ပိုင်း အမျိုးသမီးတွေအများစုပါဝင်ပြီး တချို့တွေဟာစိုးရိမ်ရတဲ့အနေအထားရှိနေတယ်လို့ အေအေကထုတ်ပြန်ပါတယ်။
ဗုံးကြဲမှုကြောင့် နေအိမ်တွေလည်းထိခိုက်ပျက်ဆီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
အခုလ ဖေဖော်ဝါရီ ၈ရက်ကလည်း သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်ကိုစစ်အုပ်စုက လေကြောင်းဗုံးကြဲတာကြောင့် လူနှစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်(၉)လုံးပျက်ဆီးခဲ့မှုရှိခဲ့ပါတယ်။
အေအေရဲ့ထုတ်ပြန်ချက်ထဲမှာ အခုရက်တွေမှာ ရခိုင်ပြည်ကို ဂျက်တိုက်လေယာဉ်နှစ်စီး(နှစ်စီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေကို တပြိုင်ထဲသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုအရင်ကထက် ပိုမိုပြုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို ပိုမိုသတိရှိကြဖို့ကိုလည်း အသိပေးထားပါတယ်။




Comments