နိုင်ငံတကာကကန့်ကွက်ရှုတ်ချနေတဲ့ကြားက စစ်တပ်က ကျောက်တော်မြို့ကိုဆက်ပြီးဗုံးကြဲနေ

သူရ/BVJ_အောက်တိုဘာ ၁၊၂၀၂၆

လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ ကျောက်တော်လေကြောင်းဗုံးကြဲမှုကို နိုင်ငံတကာကကန့်ကွက်ရှုတ်ချနေချိန်မှာပဲ ရခိုင်ပြည်နယ်၊ ကျောက်တော်နဲ့ကျောက်ဖြူမြို့နယ်တွေအတွင်းကဒေသအချို့ကို မြန်မာစစ်တပ်က အောက်တိုဘာလ ၁ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်ခံရမှုကို ကျောက်တော်ဒေသခံတစ်ဦးက ဓာတ်ပုံနဲ့တကွအတည်ပြုဖော်ပြထားတာကိုတွေ့ရပါတယ်။
“ကျောက်တော် သကြားရွာ ဘုန်းကြီးကျောင်း ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး ချခံရတယ်။ ကျွန်တော့်စိုက်ခင်းကို Y12 နဲ့ သုံးလုံးချတယ်။ ခရမ်းချဉ်ပင်တွေ ပျက်စီးသွားတာကလွဲလို့ သေဆုံးဒဏ်ရာရတာတော့ မရှိပါဘူး။ ဒီဘုန်းကြီးတစ်ပါးတည်းနေတဲ့ ဘုန်းကြီးကျောင်းကို Y12 က ဘာကိုမြင်ပြီး ဗုံးကြဲတာလဲတော့ မသိဘူး” လို့ ဒေသခံ ကိုခင်မောင်ကြည်က သူ့ရဲ့ဖေ့စ်ဘုခ်ကနေ ရေးသားပြောဆိုထားပါတယ်။
ဒီကနေ့မွန်းလွဲပိုင်းမှာလည်း ကျောက်တော်မြို့နယ်၊ စီးချောင်းကျေးရွာ အနီးတဝိုက်ကို တိုက်လေယာဉ်တစ်စင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရပေမယ့်၊ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်၊ စမ်းမြို့ အနီးတဝိုက်မှာလည်း အောက်တိုဘာလ ၁ ရက်နေ့၊မနက် ၉ နာရီကျော်လောက်က လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ဖြစ်ပွားခဲ့တယ်လို့ စစ်ဘေးရှောင် ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ ရခိုင်ပြည်နယ်တဝှမ်းမှာ လေကြောင်း တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေပြီး၊ စက်တင်ဘာ ၃၀ ရက်နေ့ ညပိုင်းတုန်းကလည်း ရသေ့တောင်၊ပုဏ္ဏားကျွန်းနဲ့ ဝိရဌာနီ(ပေါက်တော) မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်ခံရမှုတွေကြောင့် အရပ်သားတစ်ဦးသေဆုံးကာ အခြားလူ ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခရက်ဒစ်- Deep Sigh




Comments