top of page

ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်းဗုံးကြဲခံရမှု သေဆုံးစာရင်း AAထုတ်ပြန်

  • Writer: BVJ
    BVJ
  • Sep 15
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၃၊ ၂၀၂၅

ree

အာရက္ခတပ်တော်-AA တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော်တော် များများကို စစ်ကောင်စီကမကြာခဏဆိုသလို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာနေပါတယ်။


ပြီးခဲ့တဲ့လ ဩဂုတ် ၂၅ရက်ကနေ အခု စက်တင်ဘာလ ၁၂ရက်အတွင်းမှာ စစ်ကောင်စီလေ ကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ဒေသခံအရပ်သား ၃၄ ဦးသေဆုံးပြီး ၄၀ နီးပါးဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။


မနေ့ မနက်ပိုင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက သရက် တပင် ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင်၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကျောင်းသူ/ကျောင်းသားတွေနဲ့ အနီးအနားကလေးတွေအပါအဝင် အနည်းဆုံး ၁၉ ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ AAရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


AAရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ သေဆုံးတဲ့ကျောင်းသား ၁၇ဦး ကျောင်းသူ ၂ ဦးသေဆုံးခဲ့တယ်လို့သိရပြီး သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံးက ၁၆နှစ်နဲ့အသက်အကြီးဆုံးက ၂၁နှစ်ဖြစ်ပါတယ်။

ree

အာဏာသိမ်းစစ်ကောင်စီအနေနဲ့လက်လွှတ်ဆုံးရှုံးခံထားရတဲ့နယ်မြေတွေကိုပြန်မရနိုင်တော့တာကြောင့် အခုလိုအရပ်သားတွေကိုဦးတည်ဗုံးကြဲနေတာဖြစ်တယ်လို့ ကျောက်တော်မြို့မှာနေထိုင်တဲ့ ရခိုင်ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။


“အခုလို စာသင်ကျောင်းတွေ လူနေအိမ်တွေကို လေကြောင်းဗုံးကြဲနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို ရွံစရာကောင်းတဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်” လို့ သူကပြောပါတယ်။


ဒီဗုံးကြဲတိုက်ခိုက်ခံရမှုအတွက် တရားမျှတမှု ရရှိတဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်ပြီး ကျူးလွန်သူတွေ၊ ခိုင်းစေသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းထန်စွာလက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော်-AAက ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ရက်နေ့ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးမြို့နယ်က ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီကလေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။


စစ်ကောင်စီအနေနဲ့အရပ်သားတွေကို အခုလိုဦးတည်ပြီးတော့ လေကြောင်းဗုံးကြဲနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့ နေ့စဉ်နဲ့အမျှ စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ ရခိုင်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။


“ဘယ်လိုပြောရမလဲ ဗုံးကြဲဘယ်နားမှာ ဘယ်နှစ်သေပြန်ပြီဆိုပြီးကြားနေ မြင်နေရတာ အတော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကြောက်လည်းကြောက်တယ် ညဆိုလည်း ကောင်းကောင်းမအိပ်ရဘူး။ မိုးခြိမ်းခံကြားရင်တောင် နှလုံးရပ်မတတ်ကြောက်လန့်နေရတယ်။ ဘယ်နေ့ဘယ်အချိန်မှာ ကိုယ့်ခေါင်းပေါ် ဗုံးသီးကျလာမလဲဆိုပြီးတော့ စိုးရိမ်နေရတယ်” လို့ပြောပါတယ်။

ree

အာဏာသိမ်းစစ်ကောင်စီဟာ AAထိန်းချုပ်နယ်မြေတွေနေထိုင်တဲ့ ဒေသခံတွေလုံခြုံမှုမရှိအောင် စိုးရိမ်ထိပ်လန့်မှုတွေနေနဲ့အသက်ရှင်နေရအောင် ရည်ရွယ်ချက်ရှိရှိနဲ့အရပ်သားတွေကို ဗုံးကြဲနေတာဖြစ်သလို ဆေးဝါးစားနပ်ရိက္ခာနဲ့ကုန်စည်စီးဆင်းမှုလမ်းကြောင်းအားလုံးကိုလည်း ပိတ်ဆို့ထားပါသေးတယ်။


လက်ရှိမှာတော့ ရခိုင်ပြည်နယ် ၁၇မြို့နယ်ထဲက ၁၄မြို့နယ် အာရက္ခတပ်တော်-AAက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး လက်ကျန်မြို့တွေအားလုံးကိုလည်းသိမ်းပိုက်သွားမယ်လို့ AA ဘက်ကပြောဆိုထားပါတယ်။ လက်ကျန် သုံးမြို့ထဲက ကျောက်ဖြူနဲ့စစ်တွေမှာတော့နှစ်ဘက် စစ်ရေးတင်းမာနေပြီး မကြာခဏဆိုသလိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနဲ့ မြေပြင်ထိတွေ့ တိုက်ပွဲတွေလည်းရှိနေပါတယ်။


ပုံစာ- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁) နာရီ (၀၅) မိနစ်အချိန်ခန့်တွင် အာရက္ခပြည်၊ ကျောက်တော်မြိုနယ်၊ သရက်တပင်ကျေးရွာရှိ “ပညာပန်းခင်း” နှင့် “အမြင်သစ်” ကိုယ်ပိုင် အထက်တန်းစာသင်ကျောင်းများအား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်) မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့သော ကျောင်းသူ/သား များဓာတ်ပုံ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page