ကျောက်တော်၊အိန္ဒိယစျေးဗုံးကြဲတိုက်ခိုက်ခံရမှု သေဆုံးတဲ့သူအရေအတွက်တိုးလာ

သူရ/BVJ_စက်တင်ဘာ ၂၈၊၂၀၂၆

အေအေ(AA)တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူအရေအတွက်ဟာ ၆၉ဦးအထိရှိသွားပြီလို့ ဒေသခံမီဒီယာတစ်ခုမှာဖော်ပြထားပါတယ်။
ဒီနေ့ ညနေ ၅ နာရီထိုးခါနီးမှာ AAဘက်ကထုတ်ပြန်ထားတဲ့စာရင်းအရ သေဆုံးသူ ၃၃ ဦးနဲ့ဒဏ်ရာရရှိသူ ၃၆ ဦးအထိရှိလာတယ်လို့ဆိုပေမဲ့ အသေအပျောက်နှုန်းကဒီထက်ပိုများလာနိုင်တယ်လို့ ဒေသခံတွေရဲ့ အတည်ပြုချက်အရ သိရပါတယ်။
ဒါ့အပြင် ရခိုင့်အရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာကိုဝေဟင်အောင်ရဲ့ ပေ့ချ်မှာလည်း သေဆုံးသူ စုစုပေါင်း ၄၁ ဦးကျော်ရှိပြီး၊ဒဏ်ရာရရှိသူ ၅၃ ဦးထဲမှာအမျိုးသမီး ၂၁ ဦး၊ အမျိုးသား ၁၉ ဦးတို့ပါဝင်ကာစိုးရိမ်ရတဲ့သူ ၉ ဦးအထိရှိတယ်လို့ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီကျော်အချိန်က ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနားနဲ့အိန္ဒိယစျေးဝန်းကျင်ကို စစ်အုပ်စုက ဂျက်တိုက်လေယာဉ်တစ်စင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေနဲ့စျေးသည်တွေထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုထိခိုက်သေဆုံးခဲ့ရသူတွေထဲမှာ အိန္ဒိယစျေးမှာကုန်ရောင်းကုန်ဝယ်လုပ်နေကြသူတွေ၊ ကုန်တင်ကုန်ချသမားတွေ၊ ကားသမားတွေနဲ့ စျေးလာဝယ်ကြတဲ့ အရပ်သားပြည်သူတွေ အားလုံးပါဝင်ပါတယ်။

အရပ်သားပစ်မှတ်တွေကိုဗုံးကြဲတိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တုန်းကလည်း ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကိုလည်း ကျူးလွန်ခဲ့ဖူးပါတယ်။
ဒီလေကြောင်းတိုက်ခိုက်ခံရမှုဟာ ရခိုင်ပြည်နယ်သမိုင်းမှာ အသေအပျောက်အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ အရပ်သား ၁၇၀ ကျော်သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ပြီးရင် ဒုတိယမြောက် အသေအပျောက်အများဆုံး လေကြောင်းတိုက်ခိုက်ခံရမှုလည်းဖြစ်ပါတယ်။
ခရက်ဒစ် - One Nation News




Comments