ကျောက်တော်ဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅၀ နီးပါးရှိလာ

အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုကျူးလွန်ခဲ့တဲ့ အမိန့်ပေးသူ၊လိုက်နာသူအားလုံးကို လက်တုန့်ပြန်သွားမယ်လို့ အေအေကြေညာ
ယူဂရင်း/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၆

မနေ့က စက်တင်ဘာ ၂၈ရက်နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က အိန္ဒိယစျေးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၄၉ ဦးအထိရှိလာပြီး ၅၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်-AAရဲ့ ဒီနေ့မနက်အစောပိုင်းထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။
ဒဏ်ရာရရှိသူ ၅၈ ဦးထဲမှာလည်း ပြင်းထန်ဒဏ်ရာရသူ ၂၂ ဦးထက်မနည်းရှိနေသေးတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
စစ်တပ်အခုဗုံးကြဲတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ရက်က မြောက်ဦးဆေးရုံကိုဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၃၃ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပြီး အခုတကြိမ်ဟာ လူသေဆုံးမှုအများဆုံးဖြစ်ရပ်ဖြစ်လာပါတယ်။
ဒါ့အပြင် စစ်တပ်ဟာ မနေ့ကစက်တင်ဘာ ၂၈ရက်တရက်ထဲမှာပဲ ရခိုင်ပြည်နယ်အတွင်းက မင်းပြားမြို့နယ် စွန်ရဲကျေးရွာ၊ သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

အခုစက်တင်ဘာ ၁၇ရက်ကနေ ၂၇ရက်အတွင်းမှာပဲ စစ်တပ်က မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့တို့အပါအဝင် မြို့နယ်ကိုးခုကို လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၆ဦးသေဆုံးပြီး ၁၆ဦးထက်မနည်းဒဏ်ရာရရိခဲ့ပါတယ်။
ဒါကြောင့် အခုလိုအပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ အခြေခံအိုးအိမ်အဆောက်အအုံတွေ၊ ဆေးရုံ၊ဆေးခန်း၊ စာသင်ကျောင်းတွေ၊စျေးတွေနဲ့ဘာသာရေးအဆောက်အအုံတွေကို နေ့စဉ်ကျူးလွန်တိုက်ခိုက်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်တွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ အာရက္ခတပ်တော်-AAကထုတ်ပြန်ကြေညာပါတယ်။
တဆက်ထဲမှာပဲ အခုလိုကြီးမားတဲ့စစ်ရာဇဝတ်မှုကျူးလွန်ပြီး လူအစုလိုက်အပြုံလိုက်သေဆုံးစေခဲ့တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို အမိန့်ပေးသူ၊အမိန့်လိုက်နာပြီးပစ်ခတ်သူတိုက်ခိုက်သူအားလုံးနဲ့ ပါဝင်ဆက်နွယ်တဲ့အဖွဲ့အစည်းအားလုံးကို ULA/AAက အထူးမှတ်တမ်းတင်ထားပြီး ထိုက်တန်တဲ့တုန့်ပြန်မှုကို မကြာမီအချိန်မှာလက်တုန့်ပြန်သွားမယ်လို့ ကြေညာပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်တပ်ဘက်ကတော့ တုန့်ပြန်ထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။
ရခိုင်ပြည်နယ်ရဲ့ ၉၀ရာခိုင်နှုန်းကျော်ကို အေအေကထိန်းချုပ်ထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဟာအဲ့ဒီဒေသတွေကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကြောင်းထိုး၊လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျောက်လုပ်ဆောင်နေတာဖြစ်ပါတယ်။




Comments