ထားဝယ်၊ကျေးရွာ ၆၀ကျော်ရေကြီးမှုအတွင်း သေဆုံးသူအနည်းဆုံး ၁၃ ဦးရှိလာ

မိုနာ/BVJ_စက်တင်ဘာ ၂၈၊ ၂၀၂၆

တနင်္သာရီတိုင်း၊ ထားဝယ်ဒေသမှာ ကျေးရွာပေါင်း (၆၀)ကျော်ရေကြီးရေလျံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီး အဲ့ဒီအတွင်းမှာ လူ ၁၃ဦး သေဆုံးမှုရှိနေပြီလို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်-TNFက အတည်ပြုပါတယ်။
သေဆုံးသူတွေဟာ လောင်းလုံးမြို့နယ်မှာ (၁၀)ဦး၊ ထားဝယ်မြို့နယ်မှာ (၂) ဦးနဲ့ သရက်ချောင်းမြို့နယ်က(၁) ဦးတို့ဖြစ်ကြောင်း TNFကဒီနေ့ စက်တင်ဘာ ၂၈ရက်၊ နေ့လယ်မှာထုတ်ပြန်လာတဲ့ ထားဝယ်ဒေသအတွင်းရေကြီးရေလျှံမှုတွေ၊ တောင်ပြိုမှုတွေနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေမှာအတည်ပြုထားပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဉ်တွေအတွင်းမှာ ဒေသတဝန်း ပျောက်ဆုံးနေသူ (၃၀) ဦးအထက်ရှိပြီး တောင်ပြိုမှုတွေကြောင့် နေအိမ်အနည်းဆုံး (၅၀) ကျော်နဲ့ တံတားအနည်းဆုံး (၁၀) စီးဝန်းကျင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ထားဝယ်ရေကြီးရေလျှံမှုအတွင်းမှာ ထားဝယ်နဲ့ မြိတ်မြို့ကိုဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကညင်ချောင်းကျေးရွာတံတားလည်းပျက်စီးခဲ့တာကြောင့် ထားဝယ်နဲ့မြိတ်အကြားကုန်းလမ်းဆက်သွယ်ရေး ပြတ်တောက်နေပါတယ်။

လက်ရှိမှာ မိုးကလည်းဆက်ရွာနေပြီး ရေကြီးမှုနဲ့တောင်ပြိုမှုတွေဆက်ဖြစ်နေတာကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်တဲ့ ဒေသတွေကပြည်သူတွေအနေနဲ့ အန္တရာယ်ရှိနိုင်တဲ့နေရာတွေကနေ အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြဖို့နဲ့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ဖို့စက်ယန္တရားတွေလည်းလိုအပ်တယ်လို့ TNFကပြောထားပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်မယ့်အဖွဲ့အချို့လည်းရှိနေပေမယ့် လမ်းတွေပျက်ဆီးပိတ်ဆို့နေတာကြောင့် လမ်းပွင့်ဖို့အတွက်အရင်ရှင်းလင်းဆောင်ရွက်နေရတယ်လို့ ဒေသတွင်းအခြေအနေကိုသိရှိတဲ့ဒေသခံတချို့ကပြောပါတယ်။




Comments