ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်သုံးဦးကို စစ်ကောင်စီဖမ်းဆီးသွား
- BVJ
- 6 days ago
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၂၆၊ ၂၀၂၅

စစ်ကောင်စီနဲ့အာရက္ခတပ်တော်-AAကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ဘေးရှောင်သုံးဦးကို မနေ့ကနေ့လယ်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျောက်ဖြူမြို့နယ် ဂေါ်တူကျေးရွာကနေချောင်းဝကျေးရွာမှာ စစ်ဘေး ရှောင်နေသူတွေဖြစ်ပြီး ရွာကိုခဏပြန်တဲ့အချိန် စစ်ကြောင်းနဲ့တိုးပြီးဖမ်းဆီးခံရတာဖြစ်တယ်လို့ ချောင်းဝဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့ကကျမတို့ရွာမှာစစ်ဘေးရှောင်နေကြတာ အဲ့တာရွာကိုခရမ်းသီးခူးဖို့သွားတာ အဲ့မှာစစ်ကြောင်း နဲ့တွေ့ပြီးဖမ်းဆီးခံရတာဖြစ်တယ်။ ဖမ်းဆီးခံရတာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးပါ။သက်ကြီး ပိုင်းတွေပါ”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ ဘက်က AAထိန်းနယ်မြေတွေကို မြေပြင်ထိုးစစ်တွေဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း စစ်ရေး နီးစပ်သူတစ်ဦးကပြောပါတယ်။
“အရင်တုန်းကတော့ AAကဒိုးတန်းတောင်မှာရှိတဲ့ အမှတ် ၃၂ ရဲတပ်ရင်းနားအထိ နေရာယူထားတာ ပေါ့နော်။ အခုတော့စစ်ကောင်စီဘက်က ဂေါ်တူကျေးရွာအပါအဝင် ကျောက်ဖြူ-ရန်ကုန်ကားလမ်း ပေါ်မှာဆိုရင် လမ်းခွဲအထိသူတို့ကရောက်နေကြပြီ”လို့ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် ကြည်း၊ ရေ၊ လေတပ်တွေ ပူးပေါင်းပြီးတော့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေလည်းတိုးလာနေတာကြောင့် ကျေးရွာတော်တော်များများကဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။
Comments