ကျောက်ဖြူမြို့နယ်က မင်းပြင်ကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ အရပ်သားသေဆုံးမှုရှိ
- BVJ
- 2 days ago
- 1 min read
BVJ/ ဂျိုး_သြဂုတ် ၉၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိလာနေပါတယ်။
မနေ့က ညနေ ၁၁နာရီကျော်လောက်မှာလည်း ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာအတွင်းက ဘုန်ကြီးကျောင်းဓမ္မာရုံကို စစ်ကောင်စီက လေယာဉ်နဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ ကျောက်ဖြူဒေသခံတဦးကပြောပါတယ်။
“မနေ့က ည ၁၁နာရီကျော်လောက်မှာ စစ်ကောင်စီက လေ ယာဉ်နဲ့လာပြီးတော့ ကျောင်းဓမ္မာရုံတည့်တည့်ကို ပေါင် ၅၀၀ ဗုံးကြဲချသွားတာ။ အသေအပျောက်တော့ရှိတယ်။ သေဆုံးဒဏ်ရာရတာတော့ တိတိကျကျတော့ ညီမတို့လည်းမသိရဘူး”လို့ပြောပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့ မင်းပြင်းကျေးရွာဟာ ကျောက်ဖြူမြို့နယ်နဲ့ ၁၆မိုင်လောက်အကွာ ကျောက်ဖြူ-ရန်ကုန်ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာတခုဖြစ်ပြီး အဲဒီကျေးရွာမှာ ကျောက်ဖြူမြို့ အနီးအနား ကျေးရွာတွေက စစ်ဘေးဒုက္ခသည် အများအပြားလာရောက်နေထိုင် နေကြတာလည်းဖြစ်ပါတယ်။

ဒီကနေ့မနက်မှာလည်း မင်းပြင်ကျေးရွာအပါအဝင်အနီးအနားကျေးရွာတွေကို ဘင်္ဂလားပင်လယ်အော် အတွင်းမှာရှိတဲ့ စစ်ကောင်စီနေဗီတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“မင်းပြင်ကျေးရွာမှာက ရွာခံတွေလည်းရှိတယ် ပြီးတော့ တခြားကျေးရွာတွေကနေ လာရောက် စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ် ဒီမနက်လည်း နေဗီတွေကနေ လက်နက်ကြီး တွေနဲ့ ရမ်းသန်းပစ်နေလို့ ထွက်ပြေးနေရတယ်လို့ သိရတယ်”လို့ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက ပြိုင်းစေ့ကေကျေးရွာနဲ့ လိပ်ခမော်ရွာသစ်ကျေးရွာဘက်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား နှစ်ဘက်တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကြေး၊ရေ၊လေ ပူးပေါင်းပြီးတော့ လက်နက်ကြီးတွေ လေကြောင်းပစ်ခတ်ကူတွေနဲ့ လူနေကျေးရွာတွေ ဘုန်းတော်ကြီး ကျောင်းတွေကို နေ့တိုင်းပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
ပုံစာ- ဗုံးကြဲခံရလို့ ပျက်စီးသွားတဲ့ မင်းပြင်ကျေးရွာက ဘုန်ကြီးကျောင်းဓမ္မာရုံ
ဓာတ်ပုံ - APM
Комментарии