ကျောက်ဖြူ၊ ကျောက်ပြောက်ရွာက စစ်ရှောင်တွေရှိတဲ့ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ
- BVJ

- Jul 22
- 1 min read
BVJ/ဂျိုး_ ဇူလိုင် ၂၂၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီကလေကြောင်း ဗုံးကြဲတာတွေ၊ဒရုန်းနဲ့ဗုံးကြဲတာတွေ တောက်လျောက်လုပ်ဆောင်လုပ်နေတာကြောင့် အရပ်သားတွေ ထိခိုက်မှုရှိနေပါတယ်။
ဒီနေ့မှာလည်း ကျောက်ဖြူမြို့နယ်အတွင်းက ကျောက်ပြောက်ကျေးရွာကို မနက်အစောပိုင်း သန်းခေါင်ချိန်မှာ စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။
“ဒီနေ့က ၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာနဲ့လာပြီးတော့ ကျောက်ပြောက်ကျေးရွာရဲ့ ဘုန်းကြီးကျောင်းကို ဗုံးနှစ်လုံးကြဲချခဲ့တာ၊ ကျောင်းတဆောင်လုံးပျက်စီးသွားတယ်။ ဘုန်ကြီးတပါးလည်း ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

ဒဏ်ရာရရှိသွားတဲ့ဘုန်းကြီးဟာ ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာက ကျောင်းထိုင်ဆရာတော် အသျှင်အာစိဏ္ဏ(သက်တော် ၉၃ နှစ်)ဖြစ်ပြီး ကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်ရင်း သီတင်းသုံးနေထိုင်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိဗုံးကြဲခံရတဲ့ ကျောက်ပြောက်ကျေးရွာဟာ ကျောက်ဖြူမြို့ပေါ်နဲ့ မိုင် ၂၀နီးပါးအကွာမှာ တည်ရှိတာဖြစ်ပြီး တိုက်ပွဲတစုံတရဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီကအရပ်သားတွေကိုဦးတည်ပြီး ဗုံးကြဲသွားတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလိုတိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို လေကြောင်းဗုံးကြဲနေ တာကြောင့် ဒေသခံတွေကြားစိုးရိမ်ထိတ်လန့်နေကြတယ်လို့ ကျောက်ဖြူဒေသခံ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“တရက်မှလည်း ကောင်းကောင်းမအိပ်ရဘူး။ ဘယ်အချိန် ဘယ်နေရာ သူတို့ လာကြဲမလဲမသိဘူးလေ။ လက်နက်ကြီးသံတွေလည်း နေ့တိုင်းလိုလိုကြားနေရတယ်။ လေယာဉ်တွေလည်း ပျံတာရှိတယ်ဆိုတော့ စိုးရိမ်တာပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းတည်ရှိတဲ့ ပြိုင်းစေ့ကေကျေးရွာအနီးမှာ မြေပြင်ထိတွေ့တိုက်ပွဲတွေဟာ အာရက္ခတပ်တော်-AAနဲ့ စစ်ကောင်စီတပ်တို့ကြား မကြာခဏဆိုသလိုရှိနေပါတယ်။
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာအပြင် တခြားတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လူနေကျေးရွာတွေကို ဒရုန်းတွေ၊ဂျက်ဖိုက်တွေနဲ့ ဗုံးကြဲတာတွေအပြင် လက်နက်ကြီးတွေနဲ့ပါ ရမ်းပစ်နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောဆိုကြပါတယ်။
ပုံစာ- ဗုံးကြဲခံရတဲ့ ကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်း(Photo crd -APM)







Comments