ကျောက်ဖြူမှာ စစ်ကောင်စီထိုးစစ် မြို့နဲ့၁၅မိုင်ကွာအထိရောက်လာတာကြောင့် ဒေသခံတွေတိမ်းရှောင်နေရ
- BVJ

- Oct 21
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၂၁၊ ၂၀၂၅

တရုတ်စီမံကိန်းတွေအများအပြားရှိနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်-AA ခြေကုတ်ယူထားတဲ့နေရာတွေကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို ထိုးစစ်ဆင်နေပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ဖြူမြို့ပေါ် နဲ့ ၁၅လောက်အကွာမှာရှိတဲ့ ချောင်းဖျားကျေးရွာအထိရောက်လာတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။
“AAဘက်ကထိုးစစ်မဆင်တော့ စစ်ကောင်စီကတဖြည်းဖြည်းစစ်ကြောင်းထိုးလာတာအခုဆိုရင် ချောင်းဖျားကျေးရွာနားအထိ ရောက်လာပြီ။တိုက်ပွဲတော့ ပြင်းပြင်းထန်ထန်ဖြစ်တာမရှိဘူး။ ဒီဘက်ကလည်း နောက်ဆုတ်ပေးနေတော့လေ”လို့ပြောပါတယ်။
စစ်ကောင်စီဘက်ကအခုလို စစ်ကြောင်းထိုးလာတာကြောင့် ချောင်းဖျား၊ ချောင်းဝ၊ ရေနံတောင်၊ မင်းပြားစတဲ့ ကျေးရွာတွေကထောင်နဲ့ချီတဲ့ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံကပြောပါတယ်။
“ချောင်းဖျားတို့ ချောင်းဝရွာတွေက ဒေသခံတွေကတော့ တချို့ထွက်ပြေးနေကြတာ အတော်ကြာပါပြီ။ အခုကတော့ အကုန်လုံးထွက်ပြေးတိမ်းရှောင်ကြရတာပေါ့နော်။ ရေနံတောင်တို့ မင်းပြားတို့ကတော့ အခုမှထွက်ပြေးတိမ်းရှောင်ကြတာ။ စစ်ကြောင်းက တဖြည်းဖြည်းနီးလာတော့ မနေရဲကြတော့ဘူးလေ”
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေဗုံးကြဲတာတွေ၊ ရေကြောင်းကနေလက်နက်ကြီးတွေ ပစ်ခတ်တာတွေလည်းရှိနေပြီး မကြာခဏဆိုသလိုအရပ်သားထိခိုက်ဒဏ်ရာရတာ နေအိမ်အဆောက်အဦးပျက်စီးတာတွေလည်းရှိနေပါတယ်။
မနေ့ကလည်း ချောင်းဖျားကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့ တာရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်မီ ရခိုင်ပြည်နယ်အတွင်းက AAထိန်းချုပ်ထားတဲ့ မြို့နယ်တချို့ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားလာနေသလို နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာလည်း စစ်အင်အားတိုးချဲ့ပြီးတော့ စစ်ရေးပြင်ဆင်တာတွေ ဒီရက်ပိုင်းတိုးမြှင့်လုပ်ဆောင်နေတယ်လို့ အာရက္ခတပ်တော်-AAဘက်ကလည်း ပြောထားပါတယ်။







Comments