ကျောက်ဖြူရှိ AAထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီဆက်တိုက်ထိုးစစ်ဆင်နေ
- BVJ

- Oct 17
- 1 min read
BVJ/ဂျိုး_အောက်တိုဘာ ၁၇၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း၊ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီကဆက်တိုက်ဆိုသလို အင်းအားအလုံးအရင်းနဲ့မြေပြင်ထိုးစစ်ဆင် နေတယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကျောက်ဖြူမြို့ပေါ်နဲ့ ၁၂မိုင်လောက်အကွာမှာရှိတဲ့ ကုလဘာကျေးရွာအထိရောက်ရှိနေကြီး နှစ်ဘက်တိုက်ပွဲတွေရှိနေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။
“စကစဘက်ကတော့မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်လာတယ်။ အခုဆိုရင် ကုလဘာကျေးရွာ တောင်ဘက်ပိုင်းအထိရောက်နေပြီ။ အာရက္ခတပ်တော်AA ဘက်ကတော့ ထိုးစစ်ဆင်တာမရှိသေးဘူး။ ဆုတ်ပေးနေရတယ်”လို့ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေဗုံးကြဲတာတွေ၊ ရေကြောင်းကနေလက်နက်ကြီးတွေ ပစ်ခတ်တာတွေလည်းရှိနေပြီး မကြာခဏဆိုသလိုအရပ်သားထိခိုက်ဒဏ်ရာရတာ နေအိမ်အဆောက်အဦးပျက်စီးတာတွေလည်းရှိနေပါတယ်။
တရုတ်စီမံကိန်းတွေအများကြီးရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော် -AAကြား ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မတ်လကတည်းက နှစ်ဘက်တိုက်ပွဲတွေစတင်ခဲ့တာြဖစ်ပြီး AAဘက်ကတော့ မြို့ရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။
ဒါ့အပြင် AAအနေနဲ့ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်မတိုက်ခိုက်သေးတာဟာ တရုတ်ဖိအားကြောင့်လားဆိုပြီးဝေဖန်မှုတွေလည်းရှိနေတာပါ။ တရုတ်ဘက်ကလည်း ကျောက်ဖြူမှာစီမံကိန်းတွေအတွက် လုံခြုံရေးတပ်ဖွဲ့တွေလွှတ်ထားသလို စစ်ကောင်စီအတွက်လည်း နည်းပညာအကူအညီတွေပေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာရှိပေမယ့် Burma VJအနေနဲ့ ဒီအပေါ်မှာသီးခြားအတည်မပြုနိုင်သေးပါဘူး။
AAဘက်ကတော့ တရုတ်အနေနဲ့ AAကိုဖိအားပေးတာတွေမရှိသလို ကျောက်ဖြူမြို့အပါအဝင် ရခိုင်ပြည်နယ်က လက်ကျန်မြို့တွေအားလုံးကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ပြောဆို ထားပါတယ်။







Comments