ရွာအတွင်းပစ်ခတ်မှုတွေကိုစိုးရိမ်လို့ ရွာပြင်ထွက်စစ်ရှောင်နေသူဇနီးမောင်နှံ လက်နက်ကြီးထိမှန်သေဆုံး
- BVJ

- Jan 16
- 1 min read
BVJ/ဂျိုး_ဇန်နဝါရီ ၁၆၊ ၂၀၂၆

ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စုဘက်က လေကြောင်း၊ရေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေပါတယ်။
အခုလ ဇန်နဝါရီလ ၁၄ရက်ညကလည်း ပင်လယ်ပြင် အတွင်းရပ်တန့်ထားတဲ့ စစ်အုပ်စုရဲ့ရေတပ်သင်္ဘောကနေ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကိုလက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီထဲက လက်နက်ကြီးကျည်တလုံးဟာ သဖန်းချောင်းကျေးရွာအပြင်ဘက်က လယ်တဲတခုထဲကိုကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် လင်မယားနှစ်ဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။
လက်နက်ကြီးကျည်ကြောင့်သေဆုံးသွားသူတွေဟာ ဦကျော်ထွန်းဝင်း (၃၄ နှစ်)နဲ့ ဇနီးဖြစ်သူဒေါ်ခင်လင်းစိုး (၃၀ နှစ်)တို့ ဖြစ်ပြီး သူတို့ဟာသဖန်းချောင်းရွာခံတွေဖြစ်ပြီး ကျေးရွာအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကိုစိုးရိမ်တာကြောင့် ရွာအပြင်ကလယ်တဲမှာ ယာယီစစ်ဘေးရှောင်နေထိုင်နေကြတာ ပါ။

လက်ရှိမှာတော့ သဖန်းချောင်းကျေးရွာက ဒေသခံတွေဟာနေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကိုထွက်ပြေးတိမ်း ရှောင်နေရတာလည်းဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းက စစ်အုပ်စုတပ်စခန်းတွေကို အာရက္ခတပ်တော်-AAဘက်က ဒီနှစ်ဆန်းပိုင်းကစလို့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။လက်ရှိမှာတော့စစ်အုပ်စုရဲ့ ဓညဝတီရေတပ်ဌာနချုပ်အနီးအနားကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။







Comments