စစ်အုပ်စုထိုးစစ်ကြောင့် ကျောက်ဖြူမှာစစ်ဘေးဒုက္ခသည် သုံးသောင်းနီးပါးရှိလာ
- BVJ

- 5 days ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၂၁၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ စစ်အုပ်စုရဲ့ မြေပြင်ထိုးစစ်တွေကြောင့် ကျေးရွာပေါင်း ၂၀ နီးပါးလောက်ကဒေသခံတွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိမှာတော့ ကျေးရွာပေါင်း ၁၇ရွာက ဒေသခံ ၃၀၀၀ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်တွေ သုံးသောင်းဝန်းကျင်အထိရှိလာနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကိုကူညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။
“လက်ရှိကျောက်ဖြူမှာ စစ်ပွဲဧရိယာကကျယ်လာတယ်။စစ်ကောင်စီဘက်က ထိုးစစ်တွေက ပြင်းပြင်းထန်ထန်လုပ်လာတယ်။ဆိုတော့တိုက်ပွဲအနီးအနားကရွာပေါင်း ၁၇ရွာက ဒေသခံ ၃၀၀၀လောက်ကို ရွေ့ပြောင်းရတဲ့ အနေအထားဖြစ်လာတယ်။ နဂိုကတည်းက ဒုက္ခသည် ၂သောင်းကျော်လောက်ရှိတာဆိုတော့ အခုပြေးလာတာနဲ့ဆိုရင် စစ်ဘေးဒုက္ခသည် ၃သောင်း ဝန်းကျင်လောက်အထိရှိလာနေတယ်”
လက်ရှိထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး အရေးအပေါ်အကူအညီတွေလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
“နေရာရွေ့ပြောင်းတယ်ဆိုကတည်းက သူတို့မှာတော့ အခက်အခဲတွေအများကြီး။ ပထမ နေရေး ထိုင်ရေးပေါ့ ဒါတွေလိုအပ်တယ်။ ဒုတိယအနေနဲ့စားရေးသောက်ရေးပေါ့ နောက်ထပ်ကဆောင်းရာသီ ဖြစ်တာကြောင့် အနွေးထည်တို့လိုအပ်တယ်။ ဒီကြားထဲမှာဆေးဝါးတွေရနိုင်ရင်လည်း ဆေးဝါးတွေ လည်းလိုအပ်နေပါတယ်။ ဒါတွေကတော့အဓိကလိုအပ်တဲ့အပိုင်းတွေပါ”လို့ ကိုဝေဟင်အောင်ကပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် စစ်ဘေးဒုက္ခသည်ကူညီရေး အဖွဲ့တွေက စားနပ်ရိက္ခာနဲ့အမိုးအကာတချို့ထောက်ပံ့တာရှိပေမယ့် လုံလောက်မှုမရှိဘူးလို့လည်း စစ်ဘေးဒုက္ခသည်တစ်ဦးကပြောပါတယ်။
“တချို့စစ်ဘေးဒုက္ခသည်တွေတော့ ဆန်၊ဆီ၊ဆားအကူအညီရတာရှိပါတယ်။ ကျနော်တို့တော့ တခါမှမရသေးဘူး။ ရှိတာနဲ့ဒီလိုပဲစားနေရတာ တခြားအဝေးရောက်နေတဲ့ သားသမီးတွေဆီက မှာစားရတာပေါ့။ စစ်ဘေးရှောင်နေတာလည်း ၃လပိုင်းကတည်းကလေ ကြာရင်တော့ ဘယ်လိုနေထိုင်စားသောက်ရမလဲမသိဘူး”လို့ပြောပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့နယ်အတွင်းက မင်းပြင်းကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော်-AAကြား နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်အုပ်စုဘက်က တိုက်ပွဲနဲ့မသက်ဆိုင်တဲ့လူနေကျေးရွာတွေကို လေကြောင်းဗုံးကြဲတာတွေ၊ ရေတပ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့် မကြာခဏဆိုသလို အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။







Comments