တိုက်ပွဲပြင်းထန်နေတဲ့ကျောက်ဖြူမှာ ကျေးရွာတော်တော်များများကို စစ်အုပ်စုလေကြောင်းဗုံးကြဲနေ
- BVJ

- Nov 18
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၁၈၊ ၂၀၂၅

ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့နယ်မှာ စစ်အုပ်စုနဲ့အာရက္ခတပ်တော်-AAကြား တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေသလို နှစ်ဘက်ထိခိုက်သေဆုံးမှုတွေများနေတာပါ။
စစ်အုပ်စုဘက်က AAခြေကုတ်ယူထားတဲ့နယ်မြေတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိမှာတော့ ကျောက်ဖြူ- ရန်ကုန်ကားလမ်းမပေါ်က မင်းပြင်ကျေးရွာအထိရောက်နေပြီလို့ ကျောက်ဖြူဒေသခံတစ်ဦးကပြောပါတယ်။
“မင်းပြင်ကျေးရွာနားမှာတော့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေ လက်နက်ငယ်တွေ နေ့တိုင်းကြားနေရတယ်။ မင်းပြင်းကျေးရွာကနေအိမ်တွေ တော်တော်များများလည်း လေကြောင်းဗုံးကြဲတာတွေကြောင့် မီးလောင်သွားတယ်”
စစ်ကောင်စီအနေနဲ့ထိုးစစ်တွေဆက်တိုက်လုပ်နေတာကြောင့် မင်းပြင်းကျေးရွာအနီးအနားက ကျေးရွာတွေဖြစ်တဲ့ ဝါးနက်ချွိန်၊ ကျောက်ပြောက်၊ ဝမျှောင်၊ ကျောက်ကလေ၊ လိပ်တင် စတဲ့ ကျေးရွာတွေက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ပြီးခဲ့တဲ့ရက်ထဲကဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သူကဆက်ပြောပါတယ်။
“ရွာသားတွေကတော့ အကုန်ပြေးကြတာပေါ့။ ပြေးစရာနေရာလည်းမရှိဘူး။ ဘာလို့လည်းဆိုတော့ ဒီဘက်မှာရှိတဲ့ ရွာတွေမှာလည်း လူတွေအကုန်ပြည့်နေပြီ။ ပြီးတော့ စစ်ကောင်စီကလည်း လေကြောင်းနဲ့ရွာတွေကို ဗုံးလိုက်ကြဲနေတာလေ”လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်သားတွေနေထိုင်တဲ့ကျေးရွာတွေကို လေကြောင်းကနေဗုံးကြဲတာတွေ၊ ရေကြောင်းကနေလက်နက်ကြီးတွေပစ်ခတ်တာတွေလည်းရှိနေပြီး မကြာခဏဆိုသလိုအရပ်သားထိခိုက်ဒဏ်ရာရတာ နေအိမ်အဆောက်အဦးပျက်စီးတာတွေလည်းရှိ နေပါတယ်။
မနေ့ကလည်း ကျောက်ဖြူ-ရန်ကုန် ကားလမ်းမပေါ်က ကျောက်ကလေကျေးရွာစစ်အုပ်စုက လေကြောင်းကနေ ပေါင် ၅၀၀ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ တဆက်ထဲမှာပဲ လိပ်တင်ကျေးရွာကိုလည်း လေကြောင်းဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင်နေအိမ်တချို့ ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော်-AAဘက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မင်းရပ်တိုက်နယ်အတွင်းက မင်းရပ်ရွာနဲ့ သံချောင်းရွာအနီးပတ်ဝန်းကျင်နေရာတွေကိုလည်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာရှိသလို ဇင်ချောင်းကမ်းခြေမျက်နှာစာမှာ နေရာယူထားတဲ့ စစ်အုပ်စုစစ်သင်္ဘော နှစ်စီးပေါ်ကလည်း လက်နက်ကြီးတွေပစ်ခတ်ခဲ့တာရှိတယ်လို့ AAထုတ်ပြန်ချက်မှာ ဖော်ြပထားပါတယ်။
ပုံစာ- တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ကျောက်ဖြူဒေသခံများ။
ဓာတ်ပုံ crd; Triple.T







Comments