ကျောက်ပန်းတောင်းမှာ ဒေသခံ ၅ ဦးသတ်ခံရ
- BVJ

- Mar 25
- 1 min read
ယူဂရင်း/BVJ_မတ် ၂၅၊ ၂၀၂၆

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ပင်ကြီးရွာက ဒေသခံ ၅ ဦးကို စစ်အုပ်စုကသတ်ဖြတ်ပြီးနောက် PDFယူနီဖောင်းတွေဝတ်ဆင်ပေးခဲ့တယ်လို့ ဒေသတွင်းကသိရပါတယ်။
အခုလ ၁၈ရက်က အင်ပင်ကြီးရွာဘက်ကိုစစ်အုပ်စုဝင်ရောက်လာချိန်မှာ အမျိုးသမီးတစ်ဦးနဲ့၊အမျိုးသားလေးယောက်ကို ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ကျောက်ပန်းတောင်းဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
“ဖမ်းပြီးတော့ ချက်ခြင်းသတ်လိုက်တာမျိုးမဟုတ်သေးဘဲ နှိပ်စက်ပြီးမှသတ်လိုက်ကြပုံရပါတယ်။ အမျိုးသမီးအလောင်းဆိုလည်း အရိုးပဲရှိတော့မျိုးပေါ့နော်။ ပြီးတော့ PDFဝတ်စုံဝတ်ပြီး ရွာပြင်မှာပစ်ခဲ့ကြတယ်။သူတို့အဝတ်တွေလည်း ဘေးမှာတွေ့တယ်။ အလောင်းတွေတွေ့တာကတော့ မနေ့ကမှပါ”
စစ်အုပ်စုကစစ်ကြောင်းဝင်ချိန်မှာ အင်အား ၇၀ခန့်ရှိပြီး ဒေသခံတွေထွက်ပြေးနေချိန်မှာ အင်ပင်ကြီးကျေးရွာက ဒေါ်စန်းခိုင်၊ ကိုမိုက်ခဲ၊ ကိုညီအောင်၊ ကိုဇော်မျိုးအောင်နဲ့ကိုသူရလွင်တို့ကို ဖမ်းဆီးမိသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာလည်း ကျောက်ပန်းတောင်းဘက်မှာစစ်အုပ်စုစစ်ကြောင်းရှိနေဆဲဖြစ်တာကြောင့် ဒေသခံတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဒေသခံကပြောပါတယ်။




Comments