ကျောက်မဲမြို့နယ်အတွင်း စစ်ကောင်စီနဲ့ TNLA တိုက်ပွဲဆက်လက်ပြင်းထန်နေ
- BVJ

- Aug 26
- 1 min read
BVJ/ဂျိုး၊ ဩဂုတ် ၂၅၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းက နောင်ပိန်ရွာမှာ စစ်ကောင်စီတပ်နဲ့TNLAကြား ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ရက်နေ့ ကစပြီး ဒီကနေ့အထိ နှစ်ဘက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုကနေကဆင်းလာပြီး နောင်ပိန်ကျေးရွာဘက်မှာ ထိုးစစ်ဆင်နေတာဖြစ်ပြီး ဒီကနေ့မနက်အထိ နှစ်ဘက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။
“တိုက်ပွဲစဖြစ်တာကတော့ ၁၉ရက်နေ့ကတည်းကဖြစ်တာ၊ ထန်းတပင်ကိုအရင်ဝင်တယ် ထန်းတပင်နဲ့ နောင်ပိန်က ၃မိုင်လောက်ပဲဝေးတယ်။ အခုကတော့နောင်ပိန်ရွာအထိ ရောက်သွားပြီပေါ့လေ။ နောင်ပိန်ရဲ့ ဟိုဖက်ဆိုရင်တော့ ပြည်ထောင်စုကားလမ်းမကြီးရှိတယ်။ နောက်ပိန်ရွာလမ်းဆုံမှာက TNLAကရှိတယ်ဆိုတော့ အဲလမ်းအထိမရောက်အောင် ကာနေတဲ့သဘောရှိတယ်။ တိုက်ပွဲတော့ဆက်ပြီး ပြင်းပြင်းထန်ထန်ဖြစ်နေတုန်းပဲပေါ့နော်”လို့ ပြောပါတယ်။
အခုလိုတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတာကြောင့် နောင်ပိန်ကျေးနဲ့ အနီးအနားဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသလို တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
“တနေ့ကလည်း ရွာထဲမှာပစ်ခတ်မှုတွေရှိတယ် အရပ်သားတယောက်သေတယ်။ ဒေသခံတွေရော နောင်ချို ကျောက်မဲတို့ကနေလာပြီး စစ်ရှောင်လာတဲ့သူတွေအကုန်လုံးကတော့ ဘေးလွတ်မယ့်နေရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ”
စစ်ကောင်စီအနေနဲ့တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်မဲမြို့နယ်အတွင်းက ကျေးရွာတော်တော်များများကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လေကြောင်းဗုံးကြဲတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်းတိုးလာနေတာပါ။
ဒီကနေ့မနက်ပိုင်း ၁၁နာရီကျော်လောက်မှာလည်း ကျောက်မဲမြို့နယ် ပိန္နဲကုန်းရပ်ကွက်၊ ဝါဆိုကျောင်း ဘက်ကိုတိုက်ပွဲတစုံတရဖြစ်ပွားတာမရှိဘဲ လေကြောင်းဗုံးကြဲခဲ့တာကြောင့်သာမဏေ (၃)ပါးနဲ့ အမျိုးသား (၁)ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAဘက် ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ရက်နေ့ကလည်း နောင်ပိန်ရွာကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့တာကြောင့် အရပ်သားဆယ်ဦးဝန်းကျင်သေဆုံးပြီး၊ ၃၀ကျော်လောက်ဒဏ်ရာရရှိခဲ့ပါတယ်။







Comments