top of page

ကျောက်မဲကိုပြန်သိမ်းယူနိုင်ဖို့ စစ်ကောင်စီအပြင်းအထန်ကြိုးစားနေ

  • Writer: BVJ
    BVJ
  • 3 days ago
  • 1 min read

မိုနာ/BVJ_စက်တင်ဘာ ၂၉၊ ၂၀၂၅

ree

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကိုစစ်ကောင်စီစစ်ကြောင်းထိုးလာတကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLAက သိရပါတယ်။

 

မနေ့က စက်တင်ဘာ (၂၈)ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ကျောက်မဲမြို့နယ်ရှိ လုံဝယ်၊ တောင်ဆေးလိပ်နဲ့ စခန်းသာကျေးရွာကြားနဲ့ နောင်ချိုမြို့နယ်က ဆိပ်ဖူးကျေးရွာ၊ ဘန်ကာချောင်းနားတို့မှာ တိုက်ပွဲတွေဖြစ်နေတာလို့ သိရပါတယ်။

 

ကျောက်မဲ လုံဝယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၃၀)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် TNLAတပ်ဖွဲ့ဝင်တွေမူးဝေ၊အော့အန်၊ မအီမသာ၊ မောပန်း အသက်ရှူမြန်ဆန်ခြင်းလက္ခဏာတွေဖြစ်ခဲ့ပြီး တပ်ဖွဲ့ဝင် (၃)ဦးဆေးရုံမှာဆေးကုသမှုခံယူနေကြရတယ်လို့ TNLAက အသိပေးထားပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်က လုံဝယ်ကျေးရွာအတွင်းဝင်‌ရောက်ပြီးလည်း  နေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့ ဖော်ပြထားပါတယ်။

 

ree

အခု စက်တင်ဘာ ၂၄ရက်မှာလည်း ကျောက်မဲမြိုနယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို လေကြောင်းကနေ ပေါင် (၂၅၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်နဲ့လူနေအိမ်တွေပျက်ဆီးခဲ့သလို စက်တင်ဘာ ၂၆ရက်မှာလည်း ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲချ ခဲ့တာကြောင့် အသက် (၆၁)နှစ်အရွယ် အမျိုးတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်လုံးပျက်ဆီးခဲ့ပါတယ်။

 

နောင်ချိုကို TNLAလက်ထဲကနေပြန်လည်တိုက်ခိုက် သိမ်းယူပြီးတဲ့စစ်ကောင်စီဟာ ကျောက်မဲမြို့ကို ပြန်လည်သိမ်းယူဖို့အတွက် သြဂုတ်လနောက်ဆုံးပါတ်ထဲက အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုး ထိုးစစ်တွေပြုလုပ်နေတာဖြစ်ပြီး TNLAဘက်ကတော့ ခုခံတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်ပြောဆိုချက်အရ သိရပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းထိုး၊ လေကြောင်း၊လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ နှစ်ဘက်တိုက်ပွဲတွေကြောင့် ကျောက်မဲဒေသခံ တစ်သောင်းကျော်ခန့်ဟာလည်း တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

 

“တိုက်ပွဲကတော့ ဖြစ်နေတယ်။ စစ်တပ်ဘက်က အင်အားကတော့အများကြီးပဲ။ လက်နက်ကြီး၊လေကြောင်းကလည်း တရစပ်ပဲ။ ပြည်သူတွေလည်းပြေးနေရတယ်”လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက Burma VJကို ပြောပါတယ်။

 

စစ်အုပ်စုထောက်ခံချန်နယ်တွေမှာ‌တော့ ကျောက်မဲမြို့နယ်နဲ့ ၇မိုင်ခန့်သာဝေးတဲ့ စခန်းသာကျေးရွာအုပ်စု၊ စခန်းသာရွာကို စစ်တပ်ကပြန်လည်သိမ်းပိုက်သွားနိုင်ပြီဖြစ်ကြောင်း ဓါတ်ပုံတွေနဲ့အတူ အခုလလယ်ထဲက ရေးသားနေကြပါတယ်။

 

ree

အဲ့ဒီစခန်းသာရွာဟာ TNLAနဲ့ပူးပေါင်းတပ်တွေရဲ့ အဓိကခံစစ်နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

 

ကျောက်မဲမြို့ကို TNLAက ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်းတိုက်ခိုက်ပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ကာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။

 

ဓါတ်ပုံ-စခန်းသာရွာကိုပြန်လည်သိမ်းပိုက်ကြောင်း စစ်အုပ်စုဖော်ပြထားပုံနဲ့ တိုက်ပွဲဖြစ်နေကြောင်း TNLAထုတ်ပြန်ထားပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page