ကျောက်မဲမြို့ကို စစ်ကောင်စီတပ် အပြည့်အဝထိန်းချုပ်
- BVJ

- Oct 2
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၁၊ ၂၀၂၅

အခုနောက်ဆုံးရရှိတဲ့သတင်းအရ တအာင်းအမျိုးသားတပ်မတော်-TNLAက ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီတပ်က အပြည့်အဝပြန်ထိန်းချုပ်သွားပြီလို့ မြေပြင်သတင်းရင်းမြစ်က BVJကိုအတည်ပြုပါတယ်။
TNLAကတော့ “စစ်ကောင်စီတပ်သည် ကျောက်မဲမြို့နယ်ကို သာလွန်အင်အားဖြင့်သော်လည်းကောင်း၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနှင့် အဆိပ်ငွေ့ဗုံးများကို အသုံးပြုပြီး ရမ်းသန်းပစ်ခတ်တိုက်ခိုက်နေသောကြောင့် မိဘပြည်သူလူထုများက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်”လို့ပြောထားပါတယ်။
စစ်အုပ်စုထောက်ခံချန်နယ်တွေမှာတော့ ကျောက်မဲမြိုက ပြည်သူ့ဆေးရုံ၊ ရုံး၊ ဌာနတွေ၊ ရဲစခန်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေအားလုံးကိုစစ်တပ်ကပြန်လည်ရရှိခဲ့ပြီး အပြည့်ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဒီနေ့ညနေမှာပဲ ဓါတ်ပုံတွေနဲ့အတူဖော်ပြလာကြပါတယ်။

TNLAကတော့ ဒီနေ့မှာကျောက်မဲမြို့အနီး ပင်တီးကျေးရွာနဲ့ နောင်ချိုမြို့နယ် ဘန်ကာချောင်းနားတို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိတိုက်ပွဲတွေ ဆက်လက်ပြင်ထန်နေဆဲလို့ ညနေလေးနာရီထိုးခါနီးမှာ ထုတ်ပြန်လာပါတယ်။
ဒါကြောင့် စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း TNLAက ပြောထားပါတယ်။
ဒါ့အပြင် မနေ့က စက်တင်ဘာ ၃၀ရက်မှာလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့ကိုဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်တာကြောင့် ဌာနဆိုင်ရာရုံးတချို့မီးလောင်မှုဖြစ်ပွားခဲ့သလို လက်ရှိအချိန်မှာလည်းမီးလောင်ဗုံးအသုံးပြုတိုက်ခိုက်နေတာကြောင့် မြို့တွင်းရှိ နေရာတချို့၊ မီးသတ်ရုံး၊ သစ်တောရုံးနဲ့ ရဲစခန်းတို့မီးလောင်ခဲ့တယ်လို့ TNLAကထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့ကို TNLAက ၁၀၂၇ဒုတိယလှိုင်းဖြစ်တဲ့ ၂၀၂၄၊ ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကပြန်လည်ရရှိရေး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။







Comments